06 January 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအတွက် အကျိုပေးတဲ့သူ ဖြစ်နိုင်တယ်


မာတင် ပက်တီ
(ရိုက်တာသတင်းဌာန)

မြန်မာစစ်အစိုးရခေါင်းဆောင်တွေဟာ ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့အာဏာကို ဆက်လက် ထိန်းသိမ်းထားတဲ့အတွက် သူတို့အနေနဲ့ပျော့ပျောင်းလာဖို့အလားအလာမရှိပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာကတော့ သူတို့ဟာ လူပါးလူနပ်တွေ လို့ပြောရမှာပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေခွံလဲတာက ပြီးသလောက်ရှိသွားပါပြီ။ လာမယ့်ဆယ် စုနှစ်ပေါင်းများစွာ အုပ်ချုပ်သွားတော့မယ့်၊ အရပ်သားတွေရှေ့တင်ထားတဲ့အစိုးရဲ့နောက်ကွယ်မှာ အာဏာ ကိုခိုင်မာအောင် လုပ်ဖို့ အတွက်၊ မကြာသေးခင်က နိုဗယ်ဆုရှင်လွတ်လာတာကို မီးမောင်းထိုးပြပြီး စစ်အစိုးရက လူတွေကို လုံးဝအာရုံပြောင်းသွားအောင် လုပ်လိုက်တယ်။

စစ်တပ်ကျောထောက်နောက်ခံပြု ထားတဲ့ ပါတီက လွန်ခဲ့တဲ့လကပဲ၊ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အတူ အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်တယ်။ ဒီလိုနဲ့လာမယ့် ရက်သတ္တပတ် ၆ ပတ်မှာ အစိုးရဖွဲ့စည်ပြီးတဲ့အခါ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာတွေဟာ လက်ရှိခေါင်းဆောင်တွေရဲ့လက်ထဲမှာပဲ ရှိမြဲရှိနေမှာ ဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ နံပတ်နှစ် ဗိုလ်ချုပ် မောင်အေး တို့ရဲ့ အဓိကရန်သူ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ အခုအခါမှာ သူတို့အတွက် အန္တရာယ် တခုဆိုတာထက်၊အလွန်တန်ဘိုးရှိတဲ့သူတဦးဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆကြပါတယ်။ သူ့ရဲ့ပါတီဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး၊ လာမယ့်စနစ်သစ်မှာ၊ သြဇာတိက္ကမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေးအခန်းကဏ္ဍမရှိတော့ပါဘူး။ ဒါပေမယ့် သူ့ကို အရင်ကမပေးခဲ့ဖူးတဲ့ လွတ်လပ်ခွင့်တွေပေးလိုက်တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံလာမှုနဲ့ အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလျော့ကျလာဖို့မျှော်လင့်ချက်တွေရှိလာစေပါတယ်။ ဒီလိုလွတ်လပ်ခွင့် ပေးလိုက်မှုဟာ စစ်တပ်ကစီမံအုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်လာစေဖို့ အဆုံး သတ်ဆောင်ရွက်မှု တွေကိုထပ်လောင်းဖြည့်စွက်ပေးလိုက်တာပါပဲ။ `သူတို့က ထိန်းချုပ်မှုကို လျှော့ပေးဖို့ တွန့်ဆုတ်နေကြတယ်၊ ဒီတိုင်းပြည်ကို ဆက်လက်ပြီး လုံးဝစိုးမိုးအုပ်ချုပ်ထားချင်ကြတယ်` လို့ ဟားဗတ်ကျောင်းဆင်း ပညာရှင်နဲ့ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ အောင်သူငြိမ်းက ပြောပါတယ်။

“သူတို့ပါတီက အပြတ်အသတ်အနိုင်ရခဲ့ တာကြောင့် ဗိုလ်ချုပ်တွေက သူတို့အတွက် စိတ်ချရပြီလို့ ယူဆကြတယ်။ တရုတ်ပြည်နဲ့ သူတို့မဟာမိတ်တွေက ရွေးကောက်ပွဲကို ထောက်ခံအားပေးကြတယ်။ သူတို့က အရပ်သားတွေအဖြစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အန္တရာယ်မဟုတ်တော့ဘူး” လို့သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်လိုက်တာဟာ သူ့ရန်သူတွေက စိတ်ကောင်း စေတနာနဲ့လွှတ်လိုက်တာတော့မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့သူ့ရဲ့ ကမ်းလှမ်းချက်ကို သူတို့က အခုထိ ဘာမှမတုန့်ပြန်သေးပါဘူး။ ရာစုနှစ်ဝက်နီးပါး စိုးမိုးအုပ်ချုပ်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်ကျဆင်း အောင်လုပ်ခဲ့တဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးမသိကျိုးကျွံပြုနေ မှာဖြစ်တယ်လို့ အများစုက ယုံကြည်ယူဆကြပါတယ်။ ဒါပေမယ့် အများနဲ့မဆက်ဆံပဲ ဖာသိဖာသာနေလိုတဲ့ စစ်အစိုးရက၊ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာအင်တာဗျူးတွေ ဆက်တိုက်တသီကြီးလုပ်နေတာ၊ သံတမံ တွေ၊ နိုင်ငံရေး မဟာမိတ်တွေနဲ့တွေ့ဆုံပွဲတွေလုပ်နေတာတွေကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ခွင့်ပြုထားခြင်းဟာ

အနောက်နိုင်ငံတွေနဲ့အစပျိုးထိတွေ့နိုင်ဖို့ သူတို့အနေနဲ့မလုပ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကို တစုံတရာ လုပ်ပေး စေချင်လို့ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စွန်းထင်းနေတဲ့ရုပ်ပုံလွှာကို ပိုမိုကောင်းမွန်လာဖို့ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ကျတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး အနောက်တိုင်းက ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် အခွင့်အလမ်းတခုလည်းဖြစ်နေပါတယ်။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေကိုဆွဲဆောင်ဖို့နဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအရ အကြီးမားဆုံးမဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်းတရုတ်ပြည်အပေါ် မြန်မာနိုင်ငံရဲ့ မှီခိုနေရမှုကိုလျှော့ချဖို့၊ အတွက်လည်းအရေးပါနိုင်ပါတယ်လို့ကျွမ်းကျင်သူများကပြောကြပါတယ်။ `သူတို့က ဒေါ်အောင်ဆန်း စုကြည်ကို အသုံးချဖို့ကြိုးစားနေကြတယ်။ ပြုပြင် ပြောင်းလဲရေးအတွက် သူတို့ရည်ရွယ်ချက် ရှိတယ်ဆိုတာကို မသိမသာပြသဖို့ကြိုးစားနေကြတယ်။ ပြောရမယ်ဆိုရင်၊ ပိုမိုကြီးမားတဲ့ ရင်းနှီးမျြုတ်နှံမှု တွေလုပ်လာကြအောင် တိုက်တွန်းအားပေးဖို့ နဲ့တရုတ်ရဲ့လွှမ်းမိုးနေမှုကနေ အကာအကွယ်တခုအနေနဲ့ အနောက်နဲ့ပြန်လည်ဆက်ဆံသွားဖို့ရည်ရွယ်တာဖြစ်တယ်` လို့ အမေရိကန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီ က ဂျို့စ် ကာလန်ဇစ် ( Josh Kurlantzick ) က ပြောပါတယ်။ `သူတိုက တရုတ်နဲ့နီးကပ် နေမှုကိုလိုလားကြတယ်လို့ ကျနော် မထင်ပါဘူး။ ဘယ်အင်အားကြီးနိုင်ငံနဲ့ဖြစ်စေ ဘယ်လိုနီးကပ်နေမှုမျိုးကို မဆို သူတို့စိုးရိမ်မှုရှိကြတယ်လို့ ကျနော်ထင်ပါတယ်`လို့သူကပြောပါတယ်။

ဝေဖန်သုံးသပ်သူအချို့ကတော့၊ စစ်အစိုးရရဲ့ အသေးစိတ်ကျကျ ဒီမိုကရေစီအပေါ်ယံအပြင်ပန်း လုပ်ဆောင်မှု တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာဟာ အနောက်တိုင်းထက် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားအာရှကုန်သွယ်ဘက်နိုင်ငံတွေကို နှစ်သိမ့်စေဖို့လုပ်တာပဲဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ သူတို့က အာဏာရှင်စနစ်နဲ့ပဲ ကစားချင်တဲ့ စိတ်ဆန္ဒရှိနေတာကို အနောက်နိုင်ငံတွေက စိတ်ပျက်နေကြတာပါ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေအနေနဲ့၊ တချိန်က ဘားမားလို့သိထားတဲ့နိုင်ငံဟာ အခုအခါမှန်ကန်တဲ့ ဦးတည်ချက်အတိုင်း တက်သစ်စဒီမိုကရေစီနိုင်ငံတခုဖြစ်တယ်လို့ ငြင်းချက်ထုတ်ကြပါ လိမ့်မယ်။ ငြင်းချက်ထုတ်ကောင်းထုတ်လို့ရပါလိမ့်မယ်။ စစ်တပ်လွှမ်းမိုးထားတဲ့လွှတ်တော်ဟာ အာဏာ အကန့်အသတ်နဲ့ရှိနေပြီး၊ဒီလွှတ်တော်ကနေ စစ်အစိုးရ ထိပ်သီးတယောက်ယောက်ကို သမတ အဖြစ်ရွေး ချယ်ဖို့ကသာ ပိုများပါတယ်။ ဒီသမတ ကပဲ အစိုးရတာဝန်ထမ်းဆောင်မယ့်သူအများစုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။အစိုးရ၀န်ကြီးတွေဟာရွေးကောက်ခံရသူတွေဖြစ်ဖို့လည်းမလိုပါဘူး။

အတိုက်အခံတွေကို ဘေးဖယ်ထားပြီး နိုင်ငံရေးနဲ့စီးပွားရေးကို စစ်အစိုးရနဲ့ သူ့ရဲ့အပေါင်းပါများက ဆက်ပြီးလွှမ်းမိုးထားတဲ့ ပိုနေမြဲကျားနေမြဲအနေအထားဟာ တရုတ်ပြည်နဲ့ အခြားအာရှနိုင်ငံတွေနဲ့ ပိုပြီးတောင်နီးစပ်စေမယ့်သဘောဖြစ်နေပါတယ်။ အစိုးရအနေနဲ့ ပိတ်ကားနောက်ကွယ်ကနေ အာဏာချုပ် ကိုင်ထားတာမျိုးကို၊ အဲ့ဒီနိုင်ငံတွေက လက်ခံချင်ကြပါတယ်။ အခြားသူတွေကတော့၊ ဒီလိုချည်းကပ်နည်းဟာ စစ်အစိုးရကို ပိုပြီးအကျိုးအမြတ်ရရှိစေနိုင်တယ်လို့ ငြင်းချက်ထုတ်ကြပါတယ်။ အနောက်နိုင်ငံတွေကို တခါးဖွင့်ပေးခြင်းအားဖြင့် အစိုးရကို ပြုပြင်ပြောင်း လဲစေဖို့ဖိအားပေးရာကျပါတယ်။ ဒီလိုနဲ့ ပွင့်လင်းမြင်သာမှု တွေရှိလာပြီး စစ်အစိုးရနဲ့နီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအကြိုက်မဟုတ်တဲ့၊ သင့်လျှော်ကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းဘောင်ကိုစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သူတို့ထဲက အများအပြားဟာ ပိတ်ဆို့ အရေးယူခြင်းခံထားရသူတွေလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်းထိုင်းနိုင်ငံကိုပုံတူယူပြီး၊ အာရှရဲ့ အဆွဲဆောင်နိုင်ဆုံး ဈေးကွက်တခု ပေါ်ထွန်းလာစေဖို့၊ ကြီးမားတဲ့ သဘာဝအရင်းအမြစ်တွေ၊ အရံစွမ်းအင်တွေ၊ အလားအလာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုစိတ်ဝင်စားအောင်ဆွယ်ယူကာ အရှေ့တောင်အာရှကို ကမ်းလှမ်းနေ တာဖြစ်ပါတယ်။ မကြာသေးခင်က အာဆီယံအစည်းအဝေးတခုမှာ၊ အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာ့စီးပွားရေး ကောင်စီက ဖြန့်ဝေခဲ့တဲ့စာစောင်တခုမှာ၊ သူတို့မကြိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေက အိမ်နီးချင်း နိုင်ငံတွေကို ပိုမိုအာရုံစိုက်ဖို့ဖြစ်လာစေခဲ့တယ်လို့ ရေးထားတာတွေ့ရပါတယ်။

ကျွမ်းကျင်သူတွေအနေနဲ့အသေအချာပြောနိုင်တာကတော့ မြန်မာ ဗိုလ်ချုပ်ကြီးတွေဟာ ရှေးဆိုရိုး စကားလို တဖြေးဖြေးပျောက်ကွယ်သွားကြမှာတော့ မဟုတ်ဘူးဆိုတာပါပဲ။ “သူတို့ဟာကောင်းကောင်း လှည့် စားခဲ့ကြပြီးပါပြီ။ မြန်မာနိုင်ငံဟာ ရှေ့ကိုတက်လှမ်းနေတယ်လို့ထင်ကြရင်တော့ ကျနော်တို့ဟာ ရိုးအ လွန်းရာကျပါလိမ့်မယ်။ စစ်အစိုးရက လမ်းဖွင့်ပေးချင်တဲ့လက္ခဏာမရှိပါဘူး။ အများကို အာရုံလွှဲပြောင်းပစ်ဖို့ ဒေါ်စုကိုလွှတ်ပေးခဲ့တာသာဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံ ဆွေးနွေးမယ့်၊ အပေးအယူလုပ်မယ့် လက္ခဏာလည်း မရှိပါဘူး၊ ဒါတွေအားလုံးကို အရင်ကလည်းကျနော်တို့တွေ့ခဲ့ရပြီးပါပြီ။ ဒီအစိုးရဟာ တိုင်းပြည်ကို အပြည့်အ၀ထိန်းချုပ်သွားရမယ်လို့ အလွန့်အလွန်ကို ယုံကြည်ထားကြတာဖြစ်ပါတယ်။ ဒေါ်စု ခြေလှမ်း တွေက စည်းကျော်လာတဲ့အခါ သူ့ကိုထပ်ပြီးအကျဉ်းချထားဦ့းမှာပါပဲ” လို့ ထိုင်းအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ပြောပါတယ်။

x x x x x

(၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က Reuters သတင်း ၀က်ဆိုက်တွင်ဖေါ်ပြထားသော Reuters မှ ဘန်ကောက်သတင်းထောက် Martin Petty ၏ Suu Kyi could be boon for Myanmar’s old soldiers ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)