02 January 2011

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရန်အတွက် ရဲစခန်းထောက်ခံစာလိုအပ်ပါတယ်တဲ့ရှင်

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရန်အတွက် လျှောက်လွှာများကို ဇန်နဝါရီလတွင် စတင်လက်ခံမည် ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါ အထက်ပစ္စယံသို့ တက်ရောက် ဖူးမြော်ရာတွင် မြန်မာနိုင်ငံသား မည်သူမဆို တက်ရောက်ဖူးမြော်နိုင်ပြီး မိဘနှစ်ဦးလုံးမှာလည်း မြန်မာနိုင်ငံသားပင် ဖြစ်ရမည်ဟု သိရသည်။

အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ခွင့် လျှောက်လွှာများကို ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးချုပ်ရှိ အုပ်ချုပ်ရေးဌာနတွင် လျှောက်လွှာတစ်စောင်လျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး လာရောက်လျှောက်ထားရာတွင် မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံစာနှင့် ဓါတ်ပုံ ၂ ပုံနှင့်အတူ အလှူငွေ ကျပ် ၁၂၀၀ ပေးသွင်းကာ လျှောက်ထားနိုင်ကြောင်း သိရသည်။ ဓါတ်ပုံမှာ နိုင်ငံဝန်ထမ်းဖြစ်ပါက ယူနီဖောင်းပုံစံ၊ သာမန်အရပ်သားဖြစ်ပါက လည်ကတုံးအင်္ကျီ ဝတ်ဆင်ထားသည့် ဓါတ်ပုံဖြစ်ရန် လိုအပ်ကြောင်း၊ အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရာတွင်လည်း လည်ကတုံးနှင့်သာ တက်ရောက် ဖူးမြော်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ရာတွင် ဝါတွင်းကာလဖြစ်ပါက ဥပုသ်နေ့နှင့် လပြည့်၊ လကွယ်နေ့များတွင်လည်းကောင်း၊ သာမန်ကာလများတွင် စနေနှင့် တနင်္ဂနွေနေ့များတွင် အထက်ပစ္စယံသို့ တက်ရောက်ဖူးမြော်ခွင့် ရမည်ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။