02 November 2010

ယနေ့ထိုင်းလေကြောင်းလိုင်း(TG) ပိုင်Air Bus A-300လေယာဉ်တွင်ခရီးသည်အပြည့်တင်ဆောင်လာပြီးရန်ကုန်လေဆိပ်သို့ ဆင်းလာစဉ်လေယာဉ်သွားလမ်းပေါ်၌ဘီးကျွံကျမှုဖြစ်ပွား


ခရီးသည်အပြည့်တင်ဆောင်လာသည့် ထိုင်းလေကြောင်းလိုင်း (TG) ပိုင် Air Bus A-300 လေယာဉ်တစ်စင်း ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရပ်နားစဉ် လေယာဉ်သွားလမ်းပေါ်၌ ဘီးကျွံကျမှုဖြစ်ပွားခဲ့ကြောင်း လေဆိပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ခရီးသည် ၂၆၀ကျော် ထိုင်ခုံ အပြည့်တင်ဆောင်လာခဲ့သည့် အဆိုပါလေယာဉ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရန်ကုန်သို့ ထိုင်းစံတော်ချိန် နံနက်၈နာရီ မိနစ် ၃၀ ခန့် တွင်ထွက်ခွာခဲ့ကာ ရန်ကုန်လေဆိပ်သို့ ဆင်းသက်အပြီးလေယာဉ်သွားလမ်းပေါ်၌ မြန်မာစံတော်ချိန် နံနက် ၉နာရီ ၁၅မိနစ် ခန့်တွင် ဘီးကျွံကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


"အရှိန်နဲ့လေယာဉ်ဆင်းလာ တုန်းကျွံကျတာမဟုတ်ပါဘူး။ လေယာဉ်ပြေးလမ်းပေါ်ကနေ လေဆိပ်ကိုအ၀င် လေယာဉ်သွားလမ်း(Taxi Way) ပေါ်မှာဖြစ်တာပါ။ ပြောရရင် လေဆိပ်ဆီကိုသွားဖို့ ညာကွေ့လိုက်တဲ့အချိန်မှာ လေယာဉ်ရဲ့ညာဘက်နောက်ဘီးဟာ Taxi Way ရဲ့ ဘေးနှုတ်ခမ်းသားကို နင်းမိလိုက်ချိန်မှာ ကျွံကျပြီး ဘေးက မြောင်းထဲမှာတော်တော်နစ်ဝင်သွားတယ်လို့ သိရပါတယ်"ဟု လေယာဉ်မှူးကြီးတစ်ဦးက ပြောပြသည်။

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးကလည်း "ဒီဖြစ်ရပ်ကိုကြည့်ရင် လေယာဉ်မှူးပေါ့ဆတာလည်း ပါပါတယ်။ နောက်တစ်ခုက Taxi Way ကိုအသုံးပြုခဲ့တဲ့နှစ်က အရမ်းကြာနေပါပြီ။ ကျွန်တော် လေယာဉ် စမောင်းချိန် ၁၉၇၆ခုနှစ် မတိုင်ကတည်းက သုံးနေခဲ့တာလို့သိရပါတယ်။ ဒီတော့ လေယာဉ်သွားလမ်းအနေအထားရယ်၊ လေယာဉ်မှူး ပေါ့ဆမှုရယ်စသဖြင့် အချက်တွေ အများကြီးစုံ သွားလို့ဖြစ်နိုင်တာပါပဲ"ဟု သုံးသပ်ပြောကြားခဲ့သည်။

ထိုင်း လေကြောင်းလိုင်း သို့ ဆက်သွယ် မေးမြန်း ခဲ့ရာတွင် အသေးစိတ်သိရှိလိုပါကရန်ကုန်လေဆိပ်သို့သာဆက်သွယ်မေးမြန်းရန် ဖြေကြားခဲ့ခြင်းကြောင့် နိုဝင်ဘာလ ၁ရက်နေ့ ညနေ ငါးနာရီအချိန်တွင် မေးမြန်းခဲ့ရာ လေယာဉ်ဘီးအားပြန်လည်တင်ဆောင်ရန် သက်ဆိုင်ရာမှကြိုးစားနေဆဲဖြစ်ကြောင်းနှင့် ဘီးကျွံကျမှုကြောင့် ခရီးသည်များ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာ ရခြင်းမရှိခဲ့ကြောင်းပြောကြားခဲ့သည့်သတင်းအား news-eleven ဂျာနယ်တွင် ဖော်ပြထားပါသည်.။