03 November 2010

ကြိုတင်မဲပေးစေခြင်းတွင် စည်းမျဉ်းများ ကိုကျော်၍ တစ်ဖက်စောင်းနင်း မဲထည့်စေခြင်းများ ရှိနေသည်ဟု တစည ပါတီကန့်ကွက်သောကြောင့် ရပ်ဆိုင်းထားကြောင်းသိရ

ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် ငါးဖမ်းလှေလုပ်သားများအား ကြိုတင်မဲပေးစေခြင်းတွင် စည်းမျဉ်းများကိုကျော်၍ တစ်ဖက်စောင်းနင်း မဲထည့်စေခြင်းများရှိနေသည်ဟု မြိတ်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကန့်ကွက်ခဲ့သောကြောင့် ကြိုတင်မဲပေးခြင်းကို ရပ်ဆိုင်းထားစေကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဝင်များထံမှ စုံစမ်းသိရှိရသည်။

ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် ငါးဖမ်းလှေလုပ်သားများအား ကြိုတင်မဲပေးစေခြင်းကို ၁-၁၁-၂၀၁၀ နေ့မှစတင်၍ ရပ်ဆိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ လာမည့် တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၇ ရက်)တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မြိတ်ကျွန်းစုတွင် ငါးဖမ်းဆီးခြင်းကို လုပ်ကိုင်လျက်ရှိသော ငါးဖမ်းလှေများမှ လှေလုပ်သားများအား ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။ မြန်မာ့ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမည့် ရေလုပ်သားများကို ၂၉-၁၀-၂၀၁၀ မှစတင်ကာ ကြိုတင်မဲပေးစေကာ ငါးဖမ်းထွက်ခွာခွင့် ပြုခဲ့ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါကြိုတင်မဲပေးသည့် စနစ်ကို ၃၁-၁၀-၂၀၁၀ နေ့က အထိသာပြုလုပ်ခဲ့ပြီး ၁-၁၁-၂၀၁၀ နေ့တွင် ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။ “ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာမယ့် လှေတွေက ရေလုပ်သားတွေကို ကြိုတင်မဲပေးနိုင်အောင် တာဝန်ရှိသူတွေက စီစဉ်ပေးထားပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး Check Point မှာကြိုတင်မဲပေးပြီး ပင်လယ်ပြင်ကိုထွက်ခွာနိုင်မယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် ကြိုတင်မဲပေးမှု၌ ရေလုပ်သားများအား စည်းမျဉ်းစည်းကမ်းများကိုကျော်ကာ တစ်ဖက်စောင်းလုပ်ဆောင်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာသည့် အတွက် ပြိုင်ဘက်ပါတီများမှ တာဝန်ရှိသူများက အဆိုပါ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်နေသည့် နေရာသို့ သွားရောက်ကြည့် ရှုခဲ့ကြကြောင်း သိရသည်။ “အောက်တိုဘာ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေမှာ ဒီလိုသတင်းတွေ ထွက်လာလို့ သွားရောက်ခဲ့ပါတယ်။ ကြိုတင်မဲပေးတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနေရာမှာ ကျွန်တော်တို့ပါတီက သတင်းပေးပို့မှုတွေလုပ်နိုင်အောင် လူတွေလွှတ်ထားပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အခါမှာ ကြားတဲ့အတိုင်းပဲ တစ်ဖက်စောင်း လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

နိုင်ငံတော်အနေနဲ့ ဒီရွေးကောက်ပွဲကို တရားမျှတအောင် ဆောင်ရွက်ပေးနေတဲ့အချိန်မှာ အခုလိုစည်းကမ်းချိုးဖောက်မှုတွေကို အောက်ခြေမှာ လုပ်နေတာတွေ့ရတဲ့ အတွက် ကျင်းပပေးတဲ့သူတွေ ကိုလည်း ထိပါးရာရောက်ပါတယ်။ ကျွန်တော်တို့ကလည်း ဒါကိုလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ တိုင်းကော်မရှင်ကိုလည်း စာပို့ပါတယ်။ ရန်ကုန်ရုံးချုပ် ကိုလည်းစာပို့ပါတယ်။

နေပြည်တော်ဗဟိုကော်မရှင်အထိ စာပို့ပြီးပါပြီ။ ကျွန်တော်တို့ဆီကို ကြိုတင်မဲပေးတဲ့ကိစ္စရပ်ဆိုင်းထားတဲ့ စာမရောက်သေးပေမယ့် ၁-၁၁-၂၀၁၀ နေ့ကစပြီး ငါးလေလံဈေးမှာ ကြိုတင်မဲပေးနေတဲ့ကိစ္စတွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ တစ်ဖက်ပါတီက ကိုယ်စားလှယ်လောင်းတစ်ယောက်က ကြိုတင်မဲပေးတဲ့ နေရာအထိ ၀င်ရောက်လာပြီး သူတို့ပါတီကို ဘယ်လိုထည့်ရမလဲဆိုတာ ပြည်သူတွေရဲ့ဆန္ဒ မပါဘဲ ၀င်ရောက်ကြိုးကိုင်ချယ်လှယ်သွားတယ်ဆိုတာ သိထားရတယ်။

ကျွန်တော်တို့ ပါတီအနေနဲ့ အခုအချိန်မှာရော ရွေးကောက်ပွဲကာလမှာရော အခုလိုပြည်သူတွေရဲ့ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ဆောင်မှုတွေကို ကန့်ကွက်သွားမှာဖြစ်ပါတယ်”ဟု မြိတ်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်းထွက်ခွာမည့် လှေများမှာ အများအားဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းတစ်ခါ ထွက်လျှင် ပျမ်းမျှ ရက် ၄၀ ကျော်မျှကြာမြင့်ကြောင်း သိရသည်။ ထို့အတွက် ယခုရက်ပိုင်းအတွင်း ငါးဖမ်းထွက်ခွာမည့်လှေများမှာ ရွေးကောက် ပွဲကိုမမီနိုင်တော့ကြောင်း သိရသည်။ ကြိုတင်မဲပေးသည့် ပထမရက်တွင် ငါးဖမ်းလုပ်သားများမှာ မိမိတို့ဆန္ဒအရ မဲထည့် သွားနိုင်ခဲ့ကြသော်လည်း နောက်ရက်များမှစတင်ကာ ဖိအားပေးစေခိုင်း သူများရှိလာခဲ့ကြောင်းသိရသည်။ “ပထမရက်တုန်းက ရေလုပ်သားတွေဟာ သူတို့ဆန္ဒအတိုင်း မဲထည့်ခွင့်ရခဲ့ကြတယ်။

ဒါပေမယ့် နောက်ရက်တွေမှာ ရေလုပ်သားတွေကို သူတို့ထည့်နေတဲ့ ပါတီဟာ မှားနေတဲ့အကြောင်း အခုအချိန်ကစပြီး ဒီတံဆိပ်ကိုပဲမှတ်ထားပြီး မဲထည့်ဖို့လိုမယ်ဆိုပြီး ရေလုပ်သားတွေရဲ့ အင်္ကျီမှာ သူတို့ပါတီတံဆိပ်တွေကို လိုက်တပ်ပေးတယ်။ သူတို့အနေနဲ့လည်း ရေလုပ်ငန်းကုမ္ပဏီ အတော်များများကို ချုပ်ကိုင်ထားပြီး သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို ဖိအားပေးထားကြပါတယ်။ ငါးလေလံဈေးမှာ အဲဒီနေ့တုန်းက တံဆိပ်လေးတွေတပ်ပေးထားပြီး ကြိုတင်မဲပေးဖို့ စောင့်ခိုင်းထားတဲ့ ရေလုပ်သားတွေဟာ ၈၀၀ လောက်ရှိလိမ့်မယ်” ဟု ငါးလေလံဈေးသို့ ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကြိုတင်မဲပေးသည့် ကိစ္စနှင့်ပတ်သက်၍ တစ်ဖက်စောင်းလုပ်ကာ လုပ်ဆောင်နေသူများအား သတင်းပေးပို့ခြင်းမှုများကို ကော့သောင်း၊ ဘုတ်ပြင်း၊ သင်္ကထီး၊ အင်္ဂမော်စသောနေရာများမှာ လက်ခံရရှိထားကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြိတ်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ဖြစ်ကြောင်း သိရသည်ဟု news-eleven.တွင်ဖော်ပြပါရှိသည်.။