05 November 2010

မိခင်ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ပြည်ဝင်ခွင့် ဗီဇာလျှောက်

နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ဟာ နိုဝင်ဘာ ၃ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့က မြန်မာစစ်အစိုးရ သံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေအိမ် အကျယ်ချုပ်က လွတ်လာမယ်လို့ အများက ယူဆထားပါတယ်။ ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွယ်လွန်သူ ဒေါက်တာ မိုက်ကယ် အဲရစ်တို့ရဲ့ သား ၂ ဦးထဲက သားငယ် ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ အခုအခါ အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ၁၉၉၉ ဧင်္ပြီလ မှာတုန်းက နှစ်ပေါင်းများစွာ ကွဲကွာနေရတဲ့ မိခင်ဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူး အယူခံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပါတယ်။

ရှေ့နေတွေကတော့ အယူအခံအမှုအရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြန်လွတ်နိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။

သတင်း..RFA