04 November 2010

ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ KNU ခေါင်းဆောင်များ၏နေအိမ်များသို့ ထိုင်းစစ်တပ်များဝင်ရောက်ရှာဖွေစစ်ဆေး

ဒီကနေ့ မနက် ၅ နာရီလောက်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ KNU ခေါင်းဆောင် ၆ ဦးရဲ့နေအိမ်တွေကို ထိုင်းစစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ ရှာဖွေ စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

KNU ခေါင်းဆောင်တွေရဲ့နေအိမ်တွေမှာ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ထားမှု ရှိ မရှိနဲ့ တိုက်ခိုက်ရေးသမားတွေ ဝှက်ထားမှု ရှိ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးတာဖြစ်တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကာလမှာ မြန်မာအစိုးရကို စိုးရိမ်မှုတွေ မဖြစ်စေချင်တဲ့အကြောင်း ဒါကြောင့်မို့ မြန်မာဘက်ကို သွားပြီး တိုက်ခိုက်မယ့်သူတွေ ပုန်းအောင်းနေတယ်လို့ သတင်းရထားတဲ့ နေရာ ၆ နေရာကို ရှာဖွေမှုတွေ လုပ်ခဲ့တဲ့အကြောင်း၊ မသင်္ကာဖွယ်လူတွေနဲ့  လက်နက်တွေတော့ မတွေ့ခဲ့တဲ့အကြောင်း အခုရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ မဲဆောက်အခြေစိုက် အမှတ် ၄ ဒေသ ကွပ်ကဲရေးတပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး ပရပ်ဆယ် ဆင်စီရီရပ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ မြန်မာသူပုန်တွေဟာ ထိုင်းနိုင်ငံကို ခြေကုတ်ယူပြီး မြန်မာဘက်ကို သွားပြီး လှုပ်ရှားတာတွေကို လက်မခံတဲ့အကြောင်းကိုလည်း ဗိုလ်မှူးကြီး ပရပ်ဆယ် ဆင်စီရီရပ်က ပြောပါတယ်။

ဒီကိစ္စအတွက် KNU ဘက်ကို မေးမြန်းဖို့ ဘီဘီစီက ကြိုးပမ်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သတင်း....ဘီဘီစီ