01 November 2010

နအဖရဲ့ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ရှိသောမဲဆန္ဒနယ် ၅၄ နေရာရှိယင်းအနက် ၅၂ ဦးမှာကြံ့ဖွတ်ပါတီမှဖြစ်

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိသော မဲဆန္ဒနယ် ၅၄ နေရာ ရှိကြောင်း သိရပြီး ယင်း အနက် ၅၂ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်
ကိုယ်စားလှယ်လောင်းများ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ ပြောကြားချက်အရ သိရသည်။

၎င်းက အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဲဆန္ဒနယ် တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ် အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲက ကြေညာရမည် ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသွားမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။