01 November 2010

နအဖ ရဲ့ မတရားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးသိန်းစိုး ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှု


လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာန ကိုယ်စားလှယ်များ၊ သတင်းစာဆရာများနှင့် တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲကြို တင်ပြင်ဆင်မှု လုပ်ငန်းများ ရှင်းလင်းခြင်းနှင့် ဆန္ဒမဲပေးမှု သရုပ်ပြခြင်း အခမ်းအနားကို (၂ဝ၁ဝ)ပြည့်နှစ်၊ အောက်တိုဘာ (၁၉)ရက်၊ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကောမရှင်ဥက္ကဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သံတမန်အဖွဲ့နာယက စင်ကာပူသမ္မတ နိုင်ငံသံအမတ်ကြီးနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ကုလ သမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့မှ အတွင်းရေး မှူးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းထောက်များ အသင်းမှ အသင်းဝင် သတင်းထောက်များ၊ ပြည်တွင်းဂျာနယ်နှင့် မဂ္ဂဇင်းများမှ စာတည်းအဖွဲ့ဝင်များနှင့် သတင်းထောက်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးအောင်လှထွန်း(ရိုက်တာသတင်းဌာန)

မေး။ ။ တစ်နိုင်ငံလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက် ရှိပါသလဲ။ မဲရုံပေါင်း ဘယ်လောက်ရှိပါသလဲ။ ပြည်ပမှလေ့လာသူများ ဖိတ်ခေါ်ပြသဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။ ။တစ်နိုင်ငံလုံး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၉)သန်းကျော်ရှိပြီး မဲရုံပေါင်း (၄ဝဝဝဝ)နီးပါး ရှိပါတယ်။ နိုင်ငံခြားလေ့လာသူ Observer ခေါ် မခေါ်နှင့်စပ်လျဉ်း၍ မိမိနိုင်ငံတွင်ရွေးကောက်ပွဲ အတွေ့အကြုံများစွာ ရှိပြီးဖြစ်ပါတယ်။ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များဟာ အရည်အချင်းပြည့်မီပြီး နိုင်ငံတော်အပေါ် စေတနာထားသူများ ဖြစ်ပါတယ်။ ၄င်းတို့ကိုသင်တန်းများ အကြိမ်ကြိမ် ပို့ချထားပြီးဖြစ်ပါတယ်။ ဥပဒေများ၊ နည်းဥပဒေများဟာ လွတ်လပ်၍ တရားမျှတ၊ ရှင်းလင်းလွယ်ကူကြောင်း မြင်သာပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ပြည်တွင်းရှိ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှဌာန ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြသမှာ ဖြစ်ပါတယ်။ သံတမန်များဟာ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် အခြားသူများကို ခေါ်ယူပြသရန် မလိုအပ်ဟု ယူဆပါတယ်။

မေး။ ။ ရခိုင်နှင့် ကရင်ကပြားတစ်ဦး အနေနဲ့ ဘယ်လိုမဲပေးရမယ် ဆိုတာကို သိလိုပါတယ်။

ဖြေ။ ။ မှတ်ပုံတင်မှာပါရှိတဲ့ ဖခင်ဘက်လူမျိုးကိုသာ ခံယူမှုများပါတယ်။ ဒါပေမယ့် မဲဆန္ဒရှင်ရဲ့ ဆန္ဒအရ နှစ်သက်ရာ လူမျိုးအဖြစ် ခံယူပြီး မဲပေးနိုင်ခွင့်ရှိပါတယ်။

မေး။ ။ ပြည်ပသတင်းထောက်များ ခေါ်မခေါ်ကိုလည်း သိရှိလိုပါတယ်။

ဖြေ။ ။ ပြည်တွင်းမှာ နိုင်ငံခြားသတင်းထောက်ရှိပြီး သတင်းများ တရားဝင်ထုတ်ပြန်လျက်ရှိ၍ သီးခြားဖိတ်ခေါ်ရန် မလိုအပ်ဟု ယူဆပါတယ်။

မေး။ ။ အကျဉ်းသားများမဲပေးဖို့ လွှတ်ပေးနေခြင်းကို ကြားသိရပါတယ်။ မှန်၊မမှန် သိလိုပါတယ်။

ဖြေ။ ။ အကျဉ်းသားများဆိုင်ရာ ကိစ္စရပ်ဟာ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အာဏာပိုင်အဖွဲ့အစည်းများသာ သက်ဆိုင်ပြီး ကော်မရှင်နှင့် သက်ဆိုင်ခြင်း မရှိပါဘူး။

မေး။ ။ ပြည်ခိုင်ဖြိုးပါတီကို အခြားပါတီတစ်ခုမှ တိုင်ကြားမှုရှိတယ်လို့ ကြားသိရပါတယ်။ ဘယ်လို ဆောင်ရွက်ထားတယ် ဆိုတာကို သိရှိလိုပါတယ်။

ဖြေ။ ။ မည်သည့်ပါတီမဆို ဥပဒေချိုးဖောက်မှုရှိလျှင် ကော်မရှင်နဲ့ကော်မရှင်အဖွဲ့ အဆင့်ဆင့်က ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

H.E Mr. Robert Chua Hian Kong (ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ စင်ကာပူသမ္မတ နိုင်ငံသံအမတ်ကြီး)

မေး။ ။လွှတ်တော်တွင်ကိုယ်စားလှယ် နေရာမည်မျှ ရှိသည်ကို သိလိုပါတယ်။

ဖြေ။ ။ ရွေးချယ်ခံကိုယ်စားလှယ် ပြည်သူ့လွှတ်တော်တွင် (၃၃ဝ)ဦး၊ အမျိုးသားလွှတ်တော်တွင် (၁၆၈)ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် (၆၆ဝ)ဦး ရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟုခေါ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်ရေးအဖွဲ့ဖြင့် နိုင်ငံတော်သမ္မတကိုရွေးချယ်တင် မြှောက်မှာဖြစ်ကြောင်း ဖြေကြားပါသည်။

ဦးမြတ်ခိုင် လျှပ်တစ်ပြက်ဂျာနယ်(နအဖ ရဲ့ လက်ကိုင်တုတ်ဂျာနယ်)

မေး။ ။ ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်တဲ့ဒေသတွေမှာ ဘယ်အချိန်ကျမှ ရွေးကောက်ပွဲ ကျင်းပပေးမှာလဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲ လုံးဝမလုပ်တော့တာလား သိလိုပါတယ်။

ဖြေ။ ။ ယခုအချိန်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ အတွက် မပြုလုပ်ခြင်း ဖြစ်ပါတယ်။ နောင်ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေပေးသည့် အခါ ရွေးကောက်ပွဲ ကျင်းပပေးမှာ ဖြစ်ပါတယ်။

မေး။ ။ မဲရေတွက်တဲ့အချိန်မှာ သတင်းသမားတွေ အနေနဲ့ အနီးကပ်လေ့လာ သတင်းယူခွင့် ရှိ၊မရှိ သိချင်ပါတယ်။

ဖြေ။ ။ သတင်းထောက်တွေက မဲရုံတွေမှာ ဝင်ရောက်ခွင့် ရှိ၊မရှိဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဥပဒေကို ဖတ်ကြည့်ပါ။

မေး။ ။ ခုနမိန့်သွားတဲ့ထဲမှာ (၅၄)နေရာလို့ ပါပါတယ်။ အဲဒီ(၅၄)နေရာက ဘယ်ပါတီတွေလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ (၃၇)ပါတီထဲကပါပဲ။ ပါတီအစုံပါပဲ။

မေး။ ။ နောက်မေးခွန်း တစ်ခုက မဲမပေးဘဲနေလို့ရတယ်လို့ ကျွန်တော်တို့ကြားရပါတယ်။ ဥပမာ ပါတီကိုတော့ ကြိုက်ပါရဲ့။ အဲဒီမဲဆန္ဒရှင်နယ်မှာ နေတဲ့ကိုယ်စားလှယ်ကို မကြိုက်တဲ့အတွက် မဲမပေးဘဲ နေမယ်ဆိုရင် အဲဒီမဲဆန္ဒရှင်အတွက် ဘယ်လိုအကျိုးအပြစ် ဖြစ်နိုင်လဲဆိုတာ သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ မဲပေးနိုင်ရဲ့သားနဲ့ မဲမပေးဘူးဆိုရင် အဲဒီနိုင်ငံသားက သူ့ရဲ့အခွင့်အရေး ဆုံးရှုံးသွားတာပါ။ မဲပေးတယ် ဆိုတာကတော့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပါ။

ဦးခိုင်ခန့် (Hot News ဂျာနယ်)

မေး။ ။ အချုပ်ကျခံနေရသူများ မဲပေးခွင့်နဲ့ နိုင်ငံခြားရောက်နေသူများ မဲပေးခွင့်တို့ကို သိရှိလိုပါတယ်။

ဖြေ။ ။ အချုပ်ကျခံနေရသူများ ကြိုတင်ဆန္ဒမဲပေးခွင့်ကို ဥပဒေနှင့်ညီ စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ အစိုးရအဖွဲ့ရဲ့ခွင်ပြုချက်ဖြင့် နိုင်ငံခြားရောက် မဲပေးပိုင်ခွင့်ရှိသူများ စာရင်းကိုတောင်းယူပြီး ၄င်းတို့၏ နေရင်းဒေသ လိပ်စာအရ မဲဆန္ဒနယ်အလိုက် ကြိုတင် ဆန္ဒမဲများပေးနိုင်အောင် နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ညှိနှိုင်း၍ ပေးပို့ထားပြီးဖြစ်ပါတယ်။

Mr. THOMAS L.Vajda (ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စုနိုင်ငံ သံရုံးမှ သံရုံးခေတ္တယာယီတာဝန်ခံ)

မေး။ ။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှာ နိုင်ငံတကာ သတင်းထောက်များ သတင်းရယူခွင့် ရှိ၊မရှိ သိလိုပါတယ်။

ဖြေ။ ။ နိုင်ငံခြားသတင်းထောက်ကိစ္စမှာ အခြားဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ပြည်တွင်းရှိ သံတမန်များ လေ့လာခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မဲရုံအတွင်းကို ဥပဒေအရ ခွင့်ပြုထားသူများသာ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ လွတ်လပ်၍ လျှို့ဝှက်စွာဆန္ဒပြုနိုင်ဖို့ အတွက် မဲရုံအတွင်းမှာ ဓာတ်ပုံရိုက်ကူးခွင့်ကို ခွင့်ပြုမှာမဟုတ်ပါဘူး။

ဦးကိုကို ..ရန်ကုန်မီဒီယာဂရုပ်(နအဖ ရဲ့ လက်ကိုင်တုတ်ဂျာနယ်)

မေး။ ။ ပြိုင်ဘက်မရှိတဲ့ (၅၄)နေရာမှာ စာရင်းသွင်းစဉ်ကတည်းက တစ်ဦးတည်း ရှိတာလား သိလိုပါတယ်။

ဖြေ။ ။ လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းစဉ်ကတည်းကတစ်ဦး တည်းစာရင်းသွင်းမှုရှိသလို ကော်မရှင်ရဲ့စိစစ်ချက်အရ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ကျန်ရှိနေခြင်းလည်း ရှိပါတယ်။

မေး။ ။ ပြိုင်ဘက်မရှိသည့် (၅၄)နေရာဟာ ဘယ်ပါတီက ဖြစ်တယ်ဆိုတာ ဆိုတာ သိလိုပါတယ်။

ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းသာရှိတဲ့ (၅၄)နေရာမှာ ပါတီတစ်ခုတည်း မဟုတ်ဘဲ နိုင်ငံရေးပါတီ (၃၇)ပါတီအနက်မှ အချို့ပါတီကိုယ်စားလှယ်များ ပါဝင်ကြပါတယ်။

မေး။ ။ အချို့တွေက ပြောကြတယ်။ မိမိမနှစ်သက်တဲ့ ပါတီနဲ့လူဆိုရင် ကြက်ခြေခတ်မယ်။ နှစ်သက်တာကို အမှတ်ပေးမယ်လို့ ပြောကြတယ်။ အဲဒီတော့ ကြက်ခြေခတ်တာ ပါသွားရင် ပယ်မဲဖြစ်သွားမှာလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။ ။ မဲပေးတဲ့နေရာမှာ မဲလက်မှတ်မှာ မိမိနှစ်သက်ရာ ခြစ်ပါလို့ ပါပါတယ်။ ဒါ့အပြင် ဥပဒေတွေမှာလည်း ပါပါတယ်။ အမှန်လေးခြစ်တယ်။ အမှားလေးခြစ်တယ် ဆိုတာ သူ့ရဲ့ ပယ်မဲနဲ့ပတ်သက်လို့ မဲရုံက ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

H.E. Mr. Julius Georg Luy (ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး)

မေး။ ။ မဲဆန္ဒရှင်များက မည်သည့်မဲစာရင်းတွင် ပါဝင်သည်ကို ကြည့်ရှုခွင့် ရှိပါသလား။

ဖြေ။ ။ မဲဆန္ဒရှင်စာရင်းကို မဲရုံတိုင်းမှာကပ်ထားမှာဖြစ်ပါတယ်။ အမည် စာရင်းကျန်နေရင်လည်း တောင်းဆိုနိုင်ပါတယ်။ မဲပေးခွင့်မရှိသူ ပါနေရင်လည်း ကန့်ကွက်နိုင်ပါတယ်။ ကြည့်ရှုခွင့်တောင်းရန်မလိုဘဲ မည်သူမဆို ကြည့်ရှုနိုင်ပါတယ်။

ဒေါ်ဆင့်ဆင့်အောင် (နီပွန်တယ်လီဗေးရှင်း)

မေး။ ။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက်ကို သိလိုပါတယ်။

ဖြေ။ ။ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနက် အမျိုးသမီး (၁၁၄)ဦး ပါဝင်ပါတယ်။

ဒေါ်အေးအေးဝင်း(AP သတင်းဌာန)

မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတည်းသာရှိတဲ့ မဲဆန္ဒနယ်များကို သိလိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို မည်သည့်အချိန်တွင် ကြေညာပေးမည်ကို သိလိုပါတယ်။

ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတည်းသာရှိတဲ့ မဲဆန္ဒနယ်(၅၄)နယ်ရှိပါတယ်။ ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး ကော်မရှင်သို့ စာရင်းဇယားများပေးပို့ စိစစ်ပြီးသည်နှင့် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။

မေး။ ။ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်တဲ့ ဒေသများ ကြေညာရခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုပါတယ်။

ဖြေ။ ။ ယင်းဒေသများဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားများ တွေ့ရှိရလို့ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ဆုံးဖြတ်ကြေညာခြင်း ဖြစ်ပါတယ်။

မေး။ ။လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အရေအတွက် တို့ကို သိလိုပါတယ်။

ဖြေ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃ဝ၇၁)ဦးရှိပြီး အဲဒီအထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် (၈၂)ဦးပါဝင်ပါတယ်။

မေး။ ။ ယခုကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ပကတရားမျှတမှုမရှိဟု ပြောကြားနေမှုများ အတွက် သိရှိလိုပါတယ်။

ဖြေ။ ။ မြန်မာနိုင်ငံမှာကျင်းပမယ့် ဒီရွေးကောက်ပွဲမှာ မိမိနိုင်ငံအတွက် ဆောင်ရွက်ခြင်းသာဖြစ်၍ ကော်မရှင်က ဥပဒေနှင့်အညီ် တရားမျှတအောင် ဆောင်ရွက်ပေးနေပါတယ်။ ကိုယ့်နိုင်ငံက ပြည်သူတွေပေးတဲ့မဲကို ပြည်သူတွေရှေ့မှာပဲ ရေတွက်မှာဖြစ်လို့ အခြားနိုင်ငံများရဲ့ ပြောကြားချက်ကို ပြန်လည်ရှင်းလင်းချေပဖို့ အကြောင်း မရှိပါဘူး။ ထို့နောက် တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းမှ အသင်းဝင် သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်/မဂ္ဂဇင်းများမှ စာတည်းအဖွဲ့ဝင်များနှင့် သတင်းထောက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဥပစာရှိ မြက်ခင်းပြင်၌ ဆန္ဒမဲပေးမှု သရုပ်ပြခြင်းကို ကြည့်ရှုလေ့လာကြသည်။

ရင်းမြစ်...လျှပ်တပြက်ဂျာနယ် (နအဖ ရဲ့ လက်ကိုင်တုတ် ဂျာနယ်)