05 November 2010

နအဖ ရဲ့ အတုအယောင် ရွေးကောက်ပွဲ ဆိုင်ရာသိမှတ်စရာ

ဆန္ဒမဲကို ဘယ်သူတွေက ရေတွက်ခွင့်ရမလဲ

ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ ဆန္ဒမဲပေးခြင်း ပြီးဆုံးလျှင် ပြီးဆုံးချင်း ဆန္ဒမဲ ရေတွက်ခြင်းကို မဲရုံမှူး ကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်ထားသော မဲရုံအဖွဲ့ဝင်က ဖြစ်စေ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ အများပြည်သူများ၊ မဲရုံကိုယ်စားလှယ်များ ရှေ့မှောက်၌ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်နှင့် နည်းဥပဒေ ၅၁(ဃ) အရ လက်ခံ ရရှိထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ရေတွက်ရမည်။ ထိုသို့ ရေတွက်ပြီးနောက် ကော်မရှင်က ညွှန်ကြားသည့်အတိုင်း စာရင်းများကို ပြုစုရမည်။

မဲရုံမှူးက ဆန္ဒမဲ ရေတွက်ရာမှာ ဘယ်လို ဆောင်ရွက်မလဲ

မဲရုံမှူးသည် ဆန္ဒမဲ ရေတွက်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

ဆန္ဒမဲ ရေတွက်နေရာတွင် ရောက်ရှိနေသည့် နည်းဥပဒေ ၆၅ ပါ သက်သေ အနည်းဆုံး ၁၀ ဦး၏ အမည်စာရင်းကို မှတ်တမ်းတင်ထားရမည်။

ထုတ်ပေးသည့် ဆန္ဒမဲလက်မှတ်နှင့် မဲပုံးအတွင်းမှ ရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည် ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးရမည်။ ကိုက်ညီမှု မရှိပါက မှတ်တမ်းတင်၍ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြရမည်။ သို့ရာတွင် ဆန္ဒမဲ ရေတွက်ခြင်းကိုမူ ဆက်လက် ဆောင်ရွက်ရမည်။


မဲပုံးထဲမှ ဆန္ဒမဲတွေကို ဘယ်လိုပြုစုမလဲ

မဲပုံးထဲမှ ထုတ်ယူရရှိသည့် ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်များနှင့် နည်းဥပဒေ ၅၁(ဃ)အရ လက်ခံ ရရှိထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ဆန္ဒပြုထားသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီ၏ အမည်အလိုက် သီးခြားခွဲ၍ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီ ရရှိသည့် ဆန္ဒမဲ အရေအတွက်ကို ပုံစံ (၁၆) ဖြင့် သုံးစောင်ပြုစုရမည်။ ယင်းပုံစံများတွင် မှန်ကန်ကြောင်း မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် မဲရုံ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ ပုံစံတစ်စောင်ကို မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ လည်းကောင်း၊ ကျန်တစ်စောင်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ လည်းကောင်း ပေးပို့ရမည်။ တစ်စောင်ကို မဲရုံမှူး၏ လက်ဝယ်တွင် ထိန်းသိမ်းထားရမည်။

မဲပုံးထဲမှထုတ်ယူပြီး ဆန္ဒမဲတွေကို ချိပ်တံဆိပ်ရိုက်ရမည်

(ဆ) မဲပုံးထဲမှ ထုတ်ယူရရှိသော ဆန္ဒမဲ လက်မှတ်များနှင့် နည်းဥပဒေ ၅၁(ဃ)အရ လက်ခံ ရရှိထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များ အားလုံးကို ရေတွက်ပြီးစီးသည့်အခါ မဲရုံမှူးသည် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီ ရရှိသည့် ဆန္ဒမဲလက်မှတ်များနှင့် ကြိုဆင်ဆန္ဒမဲ လက်မှတ်များကို သီးခြားအိတ်များတွင်ထည့်ကာ လုံခြုံအောင်ပိတ်ပြီး ချိပ်တံဆိပ် ရိုက်နှိပ်ရမည်။ ယင်းမဲရုံမှ မဲရုံ ကိုယ်စားလှယ် သို့မဟုတ် အကူ ကိုယ်စားလှယ်များ အားလည်း ချိပ်တံဆိပ် ရိုက်နှိပ်ခွင့် ပေးရမည်။ ယင်းအိတ် အသီးသီးပေါ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမည်၊ မဲဆန္ဒနယ်အမည်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အမည်နှင့် မဲရုံအမှတ် တို့ကို ထင်ရှားစွာရေးမှတ်ပြီး အထုပ်တစ်ထုပ် ပြုလုပ်ရမည်။

ဆန္ဒမဲ အများဆုံးရ ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူက ကြေညာမလဲ


၇၂။ (က) နည်းဥပဒေ ၆၇ (ခ) အရ ပုံစံ (၁၉) ဖြင့် ပေးပို့သည့် ခိုင်လုံသည့် ဆန္ဒမဲအရေအတွက် အများဆုံးရရှိ သော လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက် တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက ကြေညာရမည်။ ယင်းကြေညာချက် တစ်စောင်စီကို လိုအပ်သလို ဆောင်ရွက်နိုင်ရန် ကော်မရှင်သို့ အမြန်ဆုံးပေးပို့ တင်ပြရမည်ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။