11 November 2010

နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ




နအဖ ထင်သလို မချဉ်တဲ့ ကမ္ဘာ ( စစ်မုန်းသူ )


No vote ပဲဖြစ်ဖြစ် I vote ပဲဖြစ်ဖြစ် သေသေချာချာစဉ်းစားကြည့်ရအောင်ပါ။ ရွေးကောက်ပွဲကို နအဖက ဘာလို့လုပ်တာလည်း ? ရွေးကောက်ပွဲမလုပ်ပဲ ဒီအတိုင်းဆက်နေသွားရင်ရော မဖြစ်ဘူးလား ? ကျနော့်အမြင်ကိုတင်ပြကြည့်မယ်နော်----- သူတို့ ဒီအတိုင်းဆက်နေသွားရင်.. တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲ နက်သထက်ပိုနက်လာမယ်ဆိုတာကို သိတယ်၊ သိကိုသိတယ်။

အဲသလို ဆင်းရဲတွင်းနက်လာလို့ တိုင်းပြည်မှာရှိတဲ့ လူထုက အုံကြွပြီဆို သူတို့ရဲ့နိဂုံးကိုလည်း သဘောပေါက်တယ်။ ဘာလို့ဆင်းရဲတွင်းနက်လာမှာလည်း ---- ဒီနေ့ ကမ္ဘာကြီးမှာ ဘယ်နိုင်ငံမှ အထီးကျန်နေလို့မရတော့ဘူး၊ နေချင်သပဆိုနေကြည့်လေ--

ဘာတွေဖြစ်လာလိမ့်မလည်း…အထီးကျန်ဖြစ်နေတဲ့ ကျူးဘားလို့ နိုင်ငံပဲကြည့်လိုက်ပါ.. နောက်ဆုံးမခံနိုင်လို့ ပြုပြင်ပြောင်းလည်းရေးတွေလုပ်လာရပြီ၊ ဘယ်ပြည်သူက ကြာရှည်အငတ်ခံနိုင်မှာလည်း၊ ဒုက္ခခံနိုင်မလည်း ပေါက်ကွဲထွက်လာမှာပဲ အဲဒီလို ပေါက်ကွဲမှု့ တွေကြောင့် ဇာတ်သိမ်းမလှတဲ့ အာဏာရှင် သမိုင်းကြောင်းတွေကိုလည်း နအဖ စစ်ခေါင်းဆောင်များမသိဘူးမထင်ပါနဲ့ သိပါတယ်။

အဲဒါကို ကုစားဘို့ နအဖဟာ မှန်မှန်ကန်ကန်မစဉ်းစားပဲ ဆေးမြီးတို နဲ့ကုဘို့ မမှန်ကန်တဲ့ အခြေခံဥပဒေကို မရိုးမသားပြဌာန်းတယ် ၊ ရွေးကောက်ပွဲလမ်းကိုရွေးချယ်တယ်။ အဲဒီရွေးကောက်ပွဲကိုရော မှန်မှန်ကန်ကန်အကောင်ထည်ဖော်ရဲ့လား ၊ မဖော်တာအားလုံးသိနေပါပြီ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ ( Election ) မှမဟုတ်တာ ( Selection ) ရွေးထုတ်ပွဲပဲ၊ ဒါကိုရွေးကောက်ပွဲထင်ပြီး လျှောက်မိကြတဲ့သူတွေအတွက်လည်းအပြစ်မဆိုသာပါဘူး၊ အဲသလိုရက်စက်လိမ့်မယ်လိုမှမထင်မိတာ၊ တကယ်တော့ ကမ္ဘာမှာရှိတဲ့ ဘယ်အာဏာရှင်မှ ရက်စက်ဘို့ဝန်မလေးတတ်ဘူးဆိုတာ အစဉ်လာပါ၊ အဲဒီတော့ လက်ရှိ နအဖ ဟာရွေးကောက်ပွဲကျင်းပပေးရခြင်းဟာလည်း.. နိုင်ငံတကာကိုဝင်ဆန့်ဘို့ကြိုးစားခြင်းသာဖြစ်ပါတယ်။

ဒါမှတိုင်းပြည် ကျဆင်းနေတဲ့ စီးပွားရေးကို လုပ်ဆောင်နိုင်မယ်လို့လွယ်လွယ်တွေးခဲ့တာကိုး၊ တနည်းအားဖြင့် ကမ္ဘာကြီးကို အချဉ်လို့ထင်မိတာကို၊ သူတို့ ထင်သလို ကမ္ဘာကြီးကရောချဉ်ပါသလား၊ အခုရွေးကောက်ပွဲရလာဒ်ကို ထောက်ခံလိမ့်မယ်လို့ထင်ပါသလား၊ တကယ်တော့ နအဖ အကြံက နိုင်ငံတကာစီးပွားရေးတွေမြန်မာမှာဝင်ရောက်လာဘို့ ၊ အဲဒါမှတိုင်းပြည်စီးပွားရေးတိုးတက်မယ်၊ အဲဒါမှ လူထုအုံကြွမှု့မဖြစ်မယ်။ သူတို့အေးအေးလူလူတသက်စာအုပ်ချုပ်သွားနိုင်မယ် ဒီလိုတွေးတာကိုး၊ သူတို့တွေးသလို ထင်သလိုဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့ယုံကြည်ပါသလား၊ အခုရွှေးကောက်ပွဲမှာ ကြံ့ဖွတ် ၈၀%မကလို့ ၁၀၀%အပြည့်နဲ့ပဲနိုင်နိုင် သိပ်ပူစရာမရှိပါဘူး၊

ဒီရွေးကောက်ပွဲရလာဒ်ကို အဓိက စီးပွားမြှုတ်နှံနိုင်တဲ့ ဘယ်နိုင်ငံကမှထောက်ခံမှာမဟုတ်ဘူးဆိုတာစောင့်ကြည့်ကြည့်ပါ၊ မထောက်ခံတော့ရော ဂရုစိုက်စရာလားလို့မေးခဲ့ရင် ကျနော်ကလည်းပြန်မေးမယ် ဒါလိုခြင်လို့ ဒါလုပ်တာ ဒါမရတော့ ခင်ဗျားတို့လုပ်တဲ့ဟာဘာဖြစ်သွားသလည်း အလကားပဲပေါ့ဆိုရင် ဘာပြောမလည်း၊ အဲဒီတော့ အချင်းချင် အထင်တွေမမှားကြပါနဲ့နော်၊ တကယ်တော့ နအဖ လုပ်သင့်တာက ရွှေးကောက်ပွဲမဟုတ်ဘူး ၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ( ဒီမိုကရက်တစ်အင်အားစုတွေရယ်၊ နအဖရယ်၊ တိုင်းရင်းသားတွေရယ် ) အဲဒီကနေ အမျိုးသားပြန်လည်သင့်မြတ်ရေး အဲဒါတွေပြီးမှ၊ အခြေခံဥပဒေပြဌာန်း၊ပြီးမှရွေးကောက်ပွဲလုပ်၊ အဲသလိုမလုပ်သမျှ နောက်ထပ် ရွေးကောက်ပွဲ အကြိမ် ၁၀၀ လုပ် တိုင်းပြည်ဘယ်တော့မှတိုးတက်လာမှမဟုတ်ဘူးဆိုတာယုံပါ၊ ဘယ်နိင်ငံတကာကမှလည်း စီးပွားလာမမြှုတ်နှံဘူး၊ မွဲပြီးရင်းမွဲဖြစ်နေဦးမှာပါပဲ။ အချုပ်ပြောရရင် အဲဒီလမ်းရောက်ဘို့ ဘက်ပေါင်းစုံကကြိုးစားကြပါ၊ တရုတ်လို အာဆီယံလို စီးပွားလာမြှုတ်နှံတာလောက်လေးနဲ့ လူလုံးမလှဘူးဆိုတာကိုလည်းမမေ့ကြပါနဲ့၊

၈၀% နိုင်တာနည်းပါသေးတယ်၊ ၁၀၀ % နိုင်လည်း ဘာမှမဖြစ်ပါဘူး၊ နအဖ ထင်သလိုဖြစ်မလာပါဘူး၊

ကမ္ဘာကြီး သည် အချဉ်မဟုတ်ပါ

ရေးသားသူ...စစ်မုန်းသူ