11 November 2010

ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးဘေးတွင် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ


၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၀န်းကျင်တွင် ရွှေပြည်သာမြို့နယ် ဘိုရွှေကုန်းကျေးရွာ အနီးတွင် ရွှေပြည်သာမှ လှော်ကားဘက်သို့ ဓာတ်ငွေ့ပို့လွှတ်သည့် ပိုက်လိုင်းအဆက်မှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အိပ်နေတုန်း အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ပြီးတော့ လင်းထိန်သွားတယ်။ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ပြီး မီးလောင်တာလို့ သိရတယ်။ အဲဒီပိုက်လိုင်းကို လူတွေ ဖြတ်သွားနေကျပါ။ အခုဖြစ်တဲ့ အချိန်မှာ လူတွေမရှိလို့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။ နာရီဝက်လောက်ကြာတော့ မီးသတ်ကားတွေ ရောက်လာပြီး မီးကို ငြှိမ်းနိုင်လိုက်ကြတယ်။ ထပ်ပြီး အန္တရာယ် မဖြစ်အောင်လို့ အနီးမှာရှိတဲ့ မီးကြိုးတွေ ဖြတ်ချမယ်လို့တော့ ကြားတယ်''ဟု မီးလောင်ကျွမ်းမှုကို မျက်မြင်တွေ့ သူတစ်ဦးက ပြောသည်။

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုမှာ မိနစ်၃၀ နီးပါးမျှ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ အခင်းဖြစ်ပွားရာသို့ မီးသတ်ကားများ၊ တာဝန်ရှိသူများ လာရောက် ကြည့်ရှုခဲ့ကြကြောင်း ရပ်ကွက်တွင် နေထိုင်သူများမှ ပြောပြခဲ့သည်။

''မနက် ၃ နာရီလောက်မှာ အိပ်နေရာကနေ အသံကြီးတစ်သံကို ကြားရတယ်။ အသံက တော်တော်လေး ကျယ်တယ်။ အပြင်ကို ထွက်ကြည့်တော့ ကောင်းကင်တစ်ခုလုံးက နီရဲနေပြီး ဘာဖြစ်မှန်းကို မသိဘူး။ လမ်းမပေါ် ထွက်ကြည့်တော့မှ ဓါတ်ငွေ့ပိုက် ပေါက်တာလို့ သိရတယ်။ မီးတောက်တွေက တော်တော်လေးကို မြင့်တယ်''ဟု ရွှေပြည်သာမြို့နယ်၊ ၀န်ထမ်းကြီးရပ်ကွက်၊ စိန်ပန်းလမ်းတွင် နေထိုင်သူတစ်ဦးမှ ပြောပြခဲ့သည်။

ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ မီးလောင်မှုကြောင့် အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းအနီးမှ သစ်ပင်များ မီးလောင်ပြီး မီးလောင်သစ်ရွက်များ ပတ်ဝန်းကျင်သို့ လွင့်ကျခြင်း၊ ၆၆၀၀ ဗို့အားရှိ ကွန်ကရစ်ဓါတ်တိုင် မီးလောင်ခဲ့ပြီး မီးကြိုးများ ပြတ်တောက်ခြင်း၊ မီးသီးကွဲ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်ဟု news-eleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။