10 November 2010

မသမာတဲ့နအဖရဲ့ရွေးကောက်ပွဲဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်ကြိုတင်မဲများကို ပယ်ဖျက်ပေးရန်နိုင်ငံရေးပါတီများ၊ကျော်ကြားသူများနှင့်ဂျာနယ်လစ်များ တောင်းဆို

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

ကြိုတင်မဲများကို ပယ်ဖျက်ပေးရန် တောင်းဆိုသွားရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက"ကြိုတင်မဲတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားပါမယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"တချို့မဲရုံတွေကိုတော့ ကန့်ကွက်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အပြောင်းအလဲက သိပ်အလားအလာမမြင်ဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းထွန်းအေးက ပြောကြားခဲ့သည်။

"ကြိုတင်မဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကြိုတင်မဲကောက်ခံမှုနဲ့ ပတ်သက်လို့ ကန့်ကွက်ခဲ့ပါတယ်။ ကြိုတင်မဲတွေကို ပယ်ဖျက်ပေးသွားဖို့အတွက် တောင်းဆိုသွားဖို့ အစီ အစဉ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ Press ခေါ်ပြီး ပြည်သူလူထုကို အသိပေး ပြောကြားသွားဖို့ရှိပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောကြားခဲ့ပါသည်။

"အခုလတ်တလောမှာတော့ ဌာနချုပ် အစည်းအဝေးလုပ်နေပါတယ်။ ဌာနချုပ်အစည်းအဝေးမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြိုတင်မဲအခြေအနေ၊ မဲရုံတွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ကြိုတင်မဲတွေအတွက် ကန့်ကွက်စာ တင်ထားပါတယ်။ ကြိုတင်မဲတွေကို ပြန်စစ်ခွင့်ပေးရင်တော့ Fair ဖြစ်တယ်လို့ ယူဆပါမယ်။ ပြန်စစ်ခွင့်မရဘူးဆို ရင်တော့ Unfair ပေါ့ဗျာ။ ကျွန်တော်တို့ဘက်က ခိုင်လုံတဲ့အကြောင်းပြချက်၊ ခိုင်လုံတဲ့အချက်အလက်တွေရအောင် ကြိုးစားနေပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လွင်ဦးက ပြောပြပါသည်။

"ကြိုတင်မဲဆိုတာက လိမ်ဆင်ကြီးပဲ။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲဆိုတာလည်း စကတည်းက တရားမျှတမှုမှ မရှိတာ။ မတရားတာကို မတရားဘူးလို့လဲ ပြောထားပြီးပါပြီ။ ဒီလိုမတရားမယ်မှန်းသိလျက်ရဲ့ ၀င်ပြိုင်တဲ့သူတွေ၊ အပေါက်ကျဉ်းကျဉ်းလေးကနေ ၀င်တိုးခဲ့တဲ့သူတွေ အခုကျတော့ ကျောချမှဓါးပြမှန်းသိတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမယ့် သူတို့တွေ ဒီလိုခံရလို့ ၀မ်းသာနေမှာတော့ မဟုတ်ပါဘူး။ သူတို့ဘက်က နာပါတယ်။ စကတည်းက မတရားတာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့်လည်း ကြိုတင်မဲဆိုတာနဲ့ မတရားလုပ်တာကိုလည်း လက်ခံစရာ အကြောင်းမရှိပါဘူး။ ရွေးကောက်ပွဲဝင်တဲ့သူတွေက မတရား သဖြင့်လုပ်တဲ့ ကြိုတင်မဲကိစ္စကို ကန့်ကွက်တယ်ဆိုရင်လည်း လုပ်သင့်တယ်လို့ပဲ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောပြသည်။

"ကြိုတင်မဲကိစ္စတွေက ကြားနေရတဲ့အတိုင်းဆိုရင် တော်တော်ကို ဗြောင်ကျကျနဲ့ ညစ်ပတ်စွာ လုပ်ဆောင်နေတာပဲလို့ မြင်တယ်။ ဒီလို ညစ်ပတ်လိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပေမယ့် ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လိမ့်မယ်လို့ ထင်မထားဘူး။ ဒီကိစ္စကို ပါတီတွေကသာမက မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်သင့်တယ်။ ကော်မရှင်က အရေးမယူဘူးဆိုရင် တရားဥပဒေအရ တရားစွဲဆိုနိုင်မယ့် လုပ်ဆောင်မှုတွေ လုပ်သွားကြရလိမ့် မယ်လို့ သုံးသပ်မိတယ်" ဟု သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက ပြောပြပါသည်။

"ကျွန်တော့်အိမ်ပတ်ဝန်းကျင်က မဲရုံတွေမှာလည်း ကြိုတင်မဲတွေ ထပ်ရောက်လာပြီး စောစောက နိုင်ထားတဲ့သူတွေ ရှုံးသွားတယ်လို့ ကြားရတယ်။ ကြိုတင်မဲဆိုတာ အဲလို ထပ်ရောက်လာပြီး ဘယ်က ရောက်လာမှန်းမသိ။ ဘာမှန်းမသိ။ ဘယ်သူပေးမှန်းလည်း မသိဘူး။ ပြီးတော့ အဲဒါတွေနဲ့ပဲ နိုင်သွားတယ်။ ဒါ့ကြောင့် ကြိုတင်မဲတွေ အကုန်လုံးကို သေချာပြန် စိစစ်ပြီးတော့ လုပ်သင့်တယ်။ ကြိုတင်မဲဆိုတာ အသင့်ဆောင်ထားပြီး လိုကာမှထပ်ဖြည့်တဲ့ ပုံစံဖြစ်နေတယ်" ဟု ကာတွန်းအော်ပီကျယ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့က ဒီရွေးကောက်ပွဲကနေ လက်တွေ့ကျတဲ့ ပြောင်းလဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ တကယ် ယုံကြည်ထားတာ။ ဒါကြောင့်လည်း ပြည်သူတွေ မဲပေးဖို့တိုက်တွန်းခဲ့တာ။ ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ကြုံတွေ့ခဲ့ရတာတွေကတော့ ကျွန်တော်တို့ ယုံကြည်သလို မဟုတ်ခဲ့ပါဘူး။ အများယုံကြည်လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ဖို့ သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ မလျှော်ညီတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ဖြေရှင်းပေးသင့်ပါတယ်" ဟု Weekly Eleven News ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောကြားခဲ့ပါသည်။

"ဗဟန်းမှာ ခမောက်ရှုံးစရာ မရှိပါဘူး။ ဒါပေမယ့် ရှုံးတယ်ဆိုလို့ အံ့သြရပါတယ်။ မဲရုံအမှတ် ၂ မှာ မဲ ၂၅၀ နဲ့နိုင်နေတယ်။ ကြိုတင်မဲ ၁၀၀ ကျော်ထပ်ရောက်လာတဲ့အထိလည်း နိုင်နေသေးတယ်။ မြို့နယ်ကော်မရှင် ရုံးရောက်မှ မနိုင်တော့ဘူးဆိုတော့ ကိုယ်တိုင်မဲပေးခဲ့သူ တစ်ယောက်အနေနဲ့ လက်မခံနိုင်ပါဘူး" ဟု ဗဟန်းမြို့ နယ်တွင် နေထိုင်သူမဲဆန္ဒရှင်တစ်ဦးက ပြောပါသည်။

ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ

၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။

(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။

(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။

(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။

(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။

၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။

၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။

(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။

အခန်း(၁၁)

မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း

၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊


သတင်းရင်းမြစ်..news-eleven.