07 November 2010

နအဖရဲ့ အတုအယောင်ရွေးကောက်ပွဲ မနက်ပိုင်းအသံများနှင့် မြင်ကွင်းဓာတ်ပုံများ





ယနေ့ ရွေးကောက်ပွဲ မြင်ကွင်းတစ်ခု ဓာတ်ပုံ AP


အဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် ဦးဥာဏ်ဝင်း..။ လောလောဆယ် အန်ကယ်သိရသလောက် မဲပေးတဲ့သူ နည်းတယ်လို့သိရတယ်.. လောလောဆယ် အခြေအနေကတော့ ရန်ကုန်မြို့တွင်းက တာမွေနဲ့ အန်ကယ်တို့ ပုဇွန်တောင် ရေကျော်ဘက်မှာ မဲပေးတဲ့သူနည်းတယ် ဆိုတာသိရတယ်.. ယခုလောလောဆယ်တော့ ဒီလောက်ဘဲသိရပါသေးတယ်...

ရန်ကုန်မြို့တွင်းမှ တက်ကြွလူငယ်တစ်ဦး။...။ ဒီနေ့မနက်တည်းက ရွေးကောက်ပွဲ သွားကြပါစို့ သီချင်းဖွင့်နေတာ နားကိုငြီးနေတာပဲ.. လူငယ်တွေထက် လူကြီးတွေကတော့ နေ့လည် နေပူမှာ စိုးလို့ စောစောသွားကြတာ တွေ့တယ်.. ကြောက်ကြတာလည်းပါမယ်.. လမ်းပေါ်မှာတော့ ကြံ့ဖွတ်တွေ တရုံးရုံး.. အမြင်ကပ်စရာ နောက်တိုက်ပုံတွေတောင် ကြိုဝတ်ထားတယ် သူတို့နိုင်မယ်ဆိုပြီး ရူးများရူးနေလားမသိဘူး.. လားရှိုးက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ လားရှိုးမှာ ကျားဖြူပါတီကိုပဲ ထည့်ကြတယ်တဲ့ ကြံ့ဖွတ်က တိုးလို့မရဘူးတဲ့.. ဒါပေမယ့်ဒီကောင်တွေ သမ္မတတောင် ကြိုရွေးထားတယ် ဆိုတော့ ဘာတွေ အကောက်ကြံဦးမလဲ မသိဘူး....

တောင်ဥက္ကလာမှ လူငယ်တစ်ဦး။....။ ဒီနေ့ တောင်ဥက္ကလာမှာတော့ မဲလာပေးတဲ့သူတွေတော့ တွေ့တယ် .. အဓိကက ဦးအောင်သိန်းလင်းကို မုန်းပြီး တစ်သီးပုဂ္ဂလ ကောင်းမြတ်ထွဋ်နဲ့ NDF ကိုပေးကြတာများတယ် ပြောတယ်.. မဲလာပေးကြတာက တော်တော်များများက ကြောက်ကြတာများတယ်.. မထူးဘူးဆိုပြီး ကြံ့ဖွတ်ကလွဲရင် တစ်ခြားသူပေးမယ် ဆိုတာလည်းပါတယ်..။ ဓာတ်ပုံကတော့ ရိုက်မရဘူး.. မြို့ထဲခဏနေ လှည့်ကြည့်လိုက်ဦးမယ်.. ပြန်လာမှ ထပ်ပြီးပြောမယ်..။

တောင်ဒဂုံ ၆၉ရပ်ကွက်မှ အမျိုးသမီးတစ်ဦး။....။ တောင်ဒဂုံမြို့နယ် မှာကြံ့ဖွတ်က ခင်းပေးထားတဲ့ လမ်းလေးလမ်းရှိတယ်..။ တဝက်တပျက်ပဲ ရှိသေးတယ်..။ အဲ့ဒီလမ်းလေးလမ်းက ဆန္ဒမဲပေးခွင့်ရှိတဲ့လူတွေ ဒီနေ့ မဲပေးဖို့သွားတော့ မဲလက်မှတ်တွေ မပေးဘူး.. မဲပေးဖို့ စာရင်းမရှိဘူးဆိုပြီး ပြောတယ်..။ နောက်ကော်မရှင်ကို သွားပြောတော့လည်း မပါရင်မထည့်နဲ့ မထည့်လည်းရတယ် ကိုယ်နဲ့မဆိုင်တာ မစုံစမ်းနဲ့လို့ ရင့်ရင့်သီးသီးပြောပါတယ်.။ နောက်မဲပေးခွင့်ရှိတဲ့ လူငယ်တွေ သွားတော့လည်း မဲရုံမှာ လူရှင်းနေရဲ့သားနဲ့ နေ့လည်၂နာရီမှ လာလို့ပြောပြီး ပြန်လွတ်လိုက်တာ တွေရှိပါတယ်..။

တာမွေသားတစ်ဦး။....။ တာမွေ ၄ ရပ်ကွက်အတွင်းရှိ မဲရုံတရုံမှာ နံနက် ၁၀ နာရီခွဲ အချိန်ထိ မဲလာပေးသူ တဦးမှ မရှိပါဘူး..။ မဲစာရင်း စစ်သူမှာ စားပွဲပေါ်တွင် ခေါင်းတင်အိပ်ပြီး စောင့်နေရတာ တွေ့ခဲ့ရပါတယ်..။

လတ်တလောရရှိတဲ့ သတင်းများအား ဆက်လက် ဖော်ပြသွားပါမည်..

ဒီမိုဝေယံ