11 November 2010

ရခိုင်ပြည် ကြံ့ဖွံ့ ခြိမ်းခြောက်မှုများ စတင် လုပ်ဆောင်

မင်းပြားမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စား လှယ်လောင်း ဦးအောင်စိန်သာ အသက် (၇၄) နှစ်အား ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ အဖွဲ့ဝင်များက သတ်ဖြတ်ရန် ခြိမ်းခြောက်ခြင်း ခံနေရကြောင်း သိရှိရပါသည်။ မင်းပြား မြို့နယ်၊ ပြည်သူ့ လွတ်တော် အမတ် နေရာအတွက် ကြံ့ဖွံ့ ပါတီမှ ဦးကျော်မင်းက ၀င်ရောက် အရွေး ခံခဲ့ပြီး ရှုံးနိမ့် သွားခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရှိရသည်။

ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိန်သာက “ဟုတ်ပါတယ်။ ကျနော့်ကို သတ်ပစ်မယ်ဟု ခြိမ်းခြောက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ပါတီ ရှုံးသွားလို့ ထင်တယ်” ဟု ဆိုသည်။ သူက ဆက်ပြီး “ကျနော့်ကို သူတို့က မတရား ခြိမ်းခြောက်တာပါ” ဟု ပြောပြ ခဲ့သည်။

ယခုအချိန်တွင် စစ်တွေမြို့တွင်လည်း ကြံ့ဖွံ့ပါတီက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ကော်မရှင်တွင် ကန့်ကွက်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ရခိုင်ပြည် ရွေးကောက်ပွဲ ရလဒ် အခြေအနေမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကြံ့ဖွံ့ပါတီကို အသာစီး ရသည့် အနေအထား ရှိနေပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အမတ်လောင်း (၄၄) ဦး ၀င်ပြိုင်ရာတွင် (၃၅) ဦး အနိုင်ရသည်ဟု မြို့နယ် အဆင့် က အသိအမှတ်ပြု ခံထားရပြီးဖြစ်သည်။

ရွေးကောက်ပွဲ နောက်ပိုင်း ကြံ့ဖွံ့ပါတီနှင့် ပြည်နယ် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်များက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို မည်ကဲ့သို့ ယုတ်မာ ကောက်ကျစ်စွာ ဆောင်ရွက်မည်နည်း ဆိုသည်ဟု ပြည်သူများ စိတ်ဝင်တစား ရှိနေကြသည်။

မင်းပြားမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိန်သာသည် (၁၉၉၀) ရွေးကောက်ပွဲတွင်လည်း ၀င်ရောင် ယှဉ်ပြိုင် ခဲ့ဖူးသော နိုင်ငံရေးသမား တဦးဖြစ်ကြောင်း သိရှိရပါသည်.။

သတင်း... (Arakan Review)