12 June 2010

မန္တလေးဘူတာကြီး ခုံးကျော်တံတား ဖြတ်သန်းခ နှစ်ဆတက်

မန္တလေးဘူတာကြီး ခုံးကျော်တံတား ယာဉ်ဖြတ်သန်း အသုံးပြုခတွေ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့က စတင်ပြီး နှစ်ဆ တိုးမြှင့် ကောက်ခံနေပြီ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ ယခင်က ဆိုင်ကယ်တစ်စီးကို ကျပ် ၅၀ ကနေ ယခုကျပ် ၁၀၀၊ ကားတစ်စီးကို ကျပ် ၁၀၀ ကနေ ယခုကျပ် ၂၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ “ အခုလ ၁ ရက်နေ့ကစပြီး ဈေးတက် ကောက်နေတာပါ၊ ဘူတာကြီးမှာ ဂိတ်ထိုးနေတဲ့ လေးဘီးကားတွေလဲ အရင်ကျပ် ၅၀ ကနေ အခုကျပ် ၁၀၀ ပေးဆောင်ရပါတယ် ”လို့ မန္တလေးဘူတာကြီး လေးဘီးကားဂိတ်မှ ကားဆရာတစ်ဦးက ပြောပါတယ်။ ဘူတာကြီး ခုံးကျော်တံတားကို ဆိုင်ကယ်နဲ့ နေ့စဉ်ဖြတ်သန်း အသုံးပြုနေသူ တစ်ဦးကလည်း “အများပြည်သူတွေ နေ့စဉ်ဝင်ထွက် သွားလာနေတဲ့ နေရာမှာ အခုလိုသာ ဈေး တိုးကောက် ရင်တော့ ၂၆ လမ်း၊ ဒါမှမဟုတ် ၃၅ လမ်းဘက်ကပဲ ပတ်မောင်း ရတော့မှာပဲ၊ ကျွန်တော်က တစ်ရက်ကို နှစ်ခေါက်၊ သုံးခေါက် လောက်ဖြတ်မောင်းနေရတာ ”လို့ပြောပါတယ်။ မန္တလေး ဘူတာကြီးဟာ ၂၆x၃၄ လမ်းကြား၊ ၇၈x၇၉ လမ်းကြားအတွင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၇၈ လမ်းအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ဘူတာကြီး ခုံးကျော်တံတားနဲ့ ဆက်သွယ်ထားပြီး အဲသည် ခုံးကျော်တံတားကို နေ့စဉ်ဖြတ်သန်း အသုံးပြုနေသူဦးရေ ထောင်ချီ ရှိနေတယ်လို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။