07 June 2010

အရေးပေါ်အခြေအနေကြေညာထားမှု ရုတ်သိမ်းဦးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား


ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက နိုင်ငံ၏ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သော်လည်း အရေးပေါ် အခြေအနေ သတ်မှတ်ကြေညာထားသည့် အမိန့်ကို ရုတ်သိမ်းဦးမည် မဟုတ်ဟု အတည်ပြု ပြောကြားလိုက်သည်။ သွေးမြေကျ ဖြစ်ရပ်များ ပြီးဆုံးသွားသည်မှာ (၂)ပါတ်မျှ ကြာမြင့်နေပြီ ဖြစ်သော်လည်း အစိုးရသည် အရေးပေါ် အခြေအနေကို ဆက်လက်ကြေညာထားဆဲဖြစ်သည်။ အရှေ့အာရှ၏ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွင် ထိုင်း၏ အနေအထားနှင့် ပတ်သက်ပြီး အဘီဆစ်က “ကျွန်တော်တို့ဟာ တည်ငြိမ်မှု၊ လုံခြုံမှုအတွက် ပြန်လည်တည်ဆောက်နေပါပြီ”ဟု ထုတ်ဖော်ပြောကြားသွားသည်။ ထိုင်းစစ်တပ်သည် မေလ(၁၉)ရက်နေ့ကမှ စတင်ကာ အစိုးရဆန့်ကျင်ရေး ရှပ်နီအင်အားစုများကို အင်အားသုံး ဖြိုခွဲခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခများ အပြီးသတ်သွားသော်လည်း နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတိုင်းအတွက် သတိထားကာ အရေးပေါ် အခြေအနေကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း အဘီဆစ်ကဆိုသည်။ အထူးသဖြင့် ရှပ်နီများအပေါ် ထောက်ခံမှု မြင့်မားသည့် နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများတွင် အစိုးရအနေနှင့် လုံခြုံရေး ဆက်လက်တင်းကြပ်ထားကြောင်း သိရသည်။ “ခုလိုမျိုး အရေးပေါ် အခြေအနေ သတ်မှတ်ထားရတာကိုတော့ လက်ခံရမှာပါ။ အစိုးရအနေနဲ့ မြန်နိုင်သမျှမြန်မြန် ပုံမှန်ပြန်ဖြစ်လာဖို့ ကြိုးစားနေပါတယ်”ဟု အဘီဆစ်ကဆိုသည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက အစိုးရသည် အရေးပေါ် အခြေအနေ ထုတ်ပြန်မှုကို အခွင့်ကောင်းယူကာ ဆန့်ကျင်ဖက် အတိုက်အခံများအား အင်အားသုံး ဖြိုခွဲမည်ကို စိုးရိမ်လျက် ရှိကြသည်။ အဘီဆစ်ကမူ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကိစ္စများအတွက် အစိုးရက စွက်ဖက်ခြင်းမပြုသည့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုထံ လွှဲအပ်သွားမည်ဟု ကတိပြုထားသလို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် ထိုင်း၏ စီးပွားရေးမှာ တောင့်တင်းခိုင်မာနေဆဲဟုလည်း ပြောဆိုသွားသည်။

ရင်းမြစ် .. AFP on GoogleNews