12 June 2010

ရန်ကုန်ုမြို့တွင် မီးသတ် နည်းပညာကောလိပ် ဖွင့်လှစ်မည်

မီးသတ်ပညာရပ်များကို သင်ကြားပို့ချမည့် မီးသတ် နည်းပညာ ကောလိပ်ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဆောင်ရွက်တဲ့အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ၁၀ တန်းအောင် ကျောင်းသားတွေကို လက်ခံမှာပါ ”ဟု ၄င်းကပြောသည်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက်အနီးတွင် ကောလိပ် အဆောက်အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့်ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည်။ “လာမယ့် ၁၀ တန်းအောင်တွေကနေ စပြီး လက်ခံ နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဒီပလိုမာ ပေးမှာပါ။ ပညာရေးဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆဲ ဖြစ်တဲ့အတွက် ဖွင့်လှစ်မယ့် အချိန်အတိအကျကို မပြောနိုင်သေးပါဘူး ”ဟု ဦးသင်းဌေးရွှေက ပြောသည်။

ကျောင်းသား လက်ခံမည့်ပုံစံ၊ သင်ရိုးညွှန်းတမ်းစသည့် ကိစ္စရပ်များကို စီစဉ်နေဆဲ ဖြစ်ကြောင်း ၄င်းက ပြောသည်။ “မီးသတ်ပညာတွေကို လူတွေက အထင်သေးတယ်။ မီးသတ်ပညာဟာ အင်ဂျင်နီယာ ပညာရပ်တွေကိုလည်း သိရတယ်။ လက်သမား ပညာရပ်တွေကိုလည်း သိရတယ်။ ဓာတုပစ္စည်းတွေ အကြောင်း၊ စက်ယန္တရားတွေ အကြောင်း၊ မီးငြှိမ်းသတ်နည်းမှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး၊ သစ်သား၊ ဝါး စတဲ့ ကာဗွန်ဒြပ်ပေါင်းတွေကို လောင်တဲ့မီး၊ သတ္တုကို လောင်တဲ့မီး စတဲ့ လောင်စာအလိုက ငြှိမ်းသတ် နည်းလမ်းတွေ ရှိပြီး ဖြစ်တယ် ”ဟု ၄င်းကပြောသည်။

မီးသတ် နည်းပညာ ကောလိပ်မှ ဒီပလိုမာ ရရှိသူများသည် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အောက်ရှိ မီးသတ် စခန်းများတွင် ရာထူးအဆင့်ဆင့် မီးသတ် သမားများ အဖြစ် လည်းကောင်း၊ မီးသတ်ပညာ ဖြန့်ဖြူးရေး ဝန်ထမ်းများအဖြစ် လည်းကောင်း၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် မီးသတ် အကြံပေးများအဖြစ် လည်းကောင်း အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောကြားကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။