08 June 2010

၅ လွှာတိုက်ခန်းတစ်ခုတွင်နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေမရ၍ ရေဘားတက်ကြည့်စဉ် ပြုတ်ကျသေဆုံးမှု ကြည်မြင်တိုင်မြို့နယ်တွင်ဖြစ်ပွား

ကြည်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ကောင်းမြတ်သူအိမ်ရာတစ်ခု၏ ၅ လွှာတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးမှာ ရေတင်ထားသော်လည်း ရေရရှိမှုမရှိခြင်းကြောင့် အဆိုပါရေဘားအား သွားရောက်ဖွင့်နေစဉ် ပြုတ်ကျသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ဇွန်လ ၆ ရက် နေ့ ညနေ ၄ နာရီ ၂၀ ၀န်းကျင်အချိန်ခန့်တွင်ဖြစ်ပွားခဲ့ပြီး သေဆုံးသည့်အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း မိ သားစုအသိုင်းအ၀ိုင်း၏ ပြောကြားချက်အရ သိရှိရသည်။

"အဲဒီနေ့က မီးက ၁၂ နာရီမှာ လာတယ်။ ရေမရှိတော့ ရေတင်ထားတယ်။ ညနေ ၄ နာရီ ၂၀ လောက်တွင် တင်ထားတဲ့ရေက အပေါ်ကိုမရောက်လို့ အစ်မက နောက်ဖေးမှာရှိတဲ့ ရေဘားကို သွားကြည့်နေချိန်မှာ သူနင်းထားတဲ့ သစ်သားကျိုးကျပြီး ပြုတ်ကျသေဆုံးခဲ့တာပါ။ ၅ လွှာကနေ မြေညီထပ်မှာရှိတဲ့ ခေါင်မိုးပေါ်မှာတဆင့် အောက်ကိုပြုတ်ကျပြီးသေဆုံးခဲ့ပါတယ်"ဟု သေဆုံးခဲ့သူ၏ မိသားစုဝင်တစ်ဦးကပြောကြားခဲ့ပါသည်။

ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာမှ သေမှုသေခင်း ၃/၂၀၁၀ ဖြင့် အမှုဖွင့်လှစ်ထားပြီး ပီအာရ် ၀၀၅ ဖြစ်ကြောင်း news-eleven ဂျာနယ်တွင်ဖော်ပြထားပါသည်.။