09 June 2010

ပုဂ္ဂလိက ထိုင်းနဲ့ မြန်မာ ဖက်စပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းပိုင်ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အမှတ် (၂) နှစ်ဆယ့်လေးနာရီ မီးလင်းရုံးလို့ခေါ်တဲ့ ပုဂ္ဂလိက ထိုင်းနဲ့ မြန်မာ ဖက်စပ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းပိုင် ရုံးဝင်းအတွင်းမှာ ဇွန်လ ၇ရက် မနေ့က ည ၉နာရီ မထိုးခင်လေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။


အခင်းဖြစ်တဲ့ ရုံးဝင်းဟာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြနန်းဧရာကွက်သစ် အာရှလမ်းမကြီးရဲ့ ညာဘက်ခြမ်းမှာ ရှိပါတယ်။ ရုံးထဲမှာရပ်ထားတဲ့ ကားအတွင်းမှာ ပေါက်ကွဲတာဖြစ်ပြီး အပျက်အစီးအချို့ ရှိခဲ့ပေမဲ့ လူတော့ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ မြဝတီမြို့ခံက အခုလိုပြောပါတယ်။


“ညကိုးနာရီထိုးဖို့ ဆယ်မိနစ် အလိုမှာ ပေါက်ပြီးတော့ ကျနော်သွားကြည့်တာက မိုင်းထောင်တာပဲ ဖြစ်ဖို့ များတယ်။ ဖြစ်တဲ့ ကားကလည်း ညာဘက်က အရှေ့ဘီး တဘီး ကျွတ်ထွက်သွားတယ်၊ ကားဘောနပ်တွေ ကျွတ်ထွက် သွားတယ်၊ အဲဒီ သွပ်ပြားတွေလန်ထွက် သွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်မှာ ရဲအဖွဲ့တွေ ရော ခယကတွေရော၊ တပ်မမှူးတွေရော ဗျူဟာမှူးတွေရော အကုန်လုံး ရောက်လာတာ။”


ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို သက်ဆိုင်ရာ အာဏာပိုင်တွေသာမက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေတပ်ဖွဲ့ဝင်တွေလည်း သွားရောက် ကြည့်ရှုခဲ့ကြတယ်လို့ ဒေသခံမျက်မြင်သက်သေတွေက ပြောပါတယ်။ မြဝတီဒေသခံတချို့ကြားမှာ လက်နက်ကြီးကျပြီး ပေါက်ကွဲတာဖြစ်တယ်လို့ ပြောဆိုနေသူတွေလည်း ရှိပါတယ်။


RFA က အသေးစိတ် သိရှိနိုင်ဖို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်တဲ့ အခါမှာတော့ တာဝန်ကျ ရဲဝန်ထမ်းက အထက်က ပြောပိုင်ခွင့်မပြုတဲ့အတွက် မဖြေဆိုနိုင်ကြောင်း အခုလိုပြောပါတယ်။


“မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကပါ ခင်ဗျား။ အဲဒီဟာကို အတည်ပြုချက် ကျနော်တို့ ပြောပိုင်ခွင့်မရှိပါဘူးခင်ဗျား။ အထက် အကြီးအကဲကို တင်ပြပြီးမှပဲ ဟုတ်သည်မဟုတ်သည်ကို တင်ပြလို့ရမှာပါနော်။ ကျနော်တို့ အနီးဆုံးအုပ်ချုပ်တဲ့ အရာရှိကို တင်ပြပြီးသူက ဖြေကြားပါဆိုတဲ့အပိုင်းမှ ကျနော်တို့က ဖြေကြားလို့ ရပါ့မယ်ခင်ဗျား။ ကျနော်တို့က မိခင် ဌာနတွေကတော့ သူတို့ ညွှန်ကြားတယ် သူတို့မေးမြန်းတယ်ဆိုခဲ့ရင် ကျနော်တို့ တင်ပြရပါတယ်။”

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့တုန်းကလည်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးရဲ့ နေအိမ်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင်ဖြစ်တဲ့ ဗိုလ်မောင်စိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သတင်းရင်းမြစ်...RFA