11 June 2010

စစ်အစိုးရ နှုတ်မပိတ်နိုင်တဲ့ လူနှစ်ယောက် သို့မဟုတ် ဇာဂနာမော်ကွန်း




တစ်ယောက်က ပြည်ပမှာ ခုံလှုံနေသူဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အာဏာရှင်စစ်အစိုးရကို ဝေဘန်မှုနဲ့ အကျဉ်းချခံထားရသူ။ ဒါပေမဲ့ မကြာသေးခင်ကထွက်ပေါ်လာတဲ့ ဝေဖန်ရေးကဗျာတစ်ပုဒ်က အနုပညာရှင်တွေဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုထိန်လင်းတို့ဟာ စစ်အစိုးရအတွက်တော့ ဆူးညှောင့်ကြီးတစ်ခု ဖြစ်နေတုန်းပဲဆိုတာကို ပြသနေလေရဲ့။

မူရင်းဆောင်းပါးရှင် = Andrew Buncombe (09/06/2010/ The Independent)

-------------------------------

မြန်မာအာဏာပိုင်များက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်လူရွှင်တော် ကိုဇာဂနာကို (၅၉)နှစ်လောက် ထောင်ထဲထည့်ထားလိုက်ရင်တော့ စစ်အစိုးရကို ဝေဖန်ရေးမှာ နာမည်ကြီးလှတဲ့ ဒီလူဟာ နှုတ်ပိတ်သွားမှာပဲ လို့ ထင်နေကြမှာပါ။ ဒါပေမဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ကဗျာတွေနဲ့ လူအသိများလှတဲ့ ဒီလူ့ကို ရန်ကုန်ရှိသူ့မိသားစုအိမ်ကနေ ဝေးကွာလှတဲ့ ထောင်ထဲပို့ထားလင့်ကစား၊ သံဘောင်တွေနောက်က သူ့ဘ၀ကတော့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ထုတ်ဖေါ်ပြောဆိုရဲတဲ့ဆန္ဒတွေကို လျော့ပါးသွားစေပုံမရပါဘူး။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက (သူ) နောက်ထပ်ရေးလိုက်တဲ့ကဗျာလေးတစ်ပုဒ်ဟာ တိုတောင်းပေမဲ့ အားပြည့်လှတာကိုတွေ့ရပါတယ်။ အသက် (၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအနုပညာရှင်ဟာ အဲဒီကဗျာကို ထောင်ထဲက ခိုးထုတ်ပြီး သူ့မိတ်ဆွေတွေဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီကဗျာကတော့-----------


"It's lucky my forehead is flat

Since my arm must often rest there

Beneath it shines a light I must invite

From a moon I cannot see

In Myitkyina."

ကံထူးလို့ မှတ်ယူ

ငါ့နဖူး ပြားချပ်ကွဲ့

ငါ့လက် နားယူ

လရောင်မူ

အပြင်မှာတောက်လင်း

အတွင်းဆောင်ချင်ငဲ့

ဒီငထောင် မြစ်ကြီးနားမှာ

မိုက်မှောင်က ဖျက်။

မှတ်ချက် (အထက်ပါကဗျာကို ဘာသာပြန်သူက ကိုထိန်လင်းရဲ့အင်္ဂလိပ်ကဗျာအတိုင်း တိုက်ရိုက်ပြန်ထားခြင်းဖြစ်ပါသည်၊ ကိုဇာဂနာရေးတဲ့ မူရင်းကဗျာကို ရပါက ဆက်လက်ဖေါ်ပြပေးမည် ဖြစ်ပါကြောင်း။)


မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားထောင်ထဲက အကျဉ်းသားတွေရဲ့ ဒုက္ခကို ထင်ဟန့်စေတဲ့ ဒီကဗျာလေးကို လက်ခံရရှိသူကတော့ ကိုဇာဂနာရဲ့ မိတ်ဆွေကြီး ကိုထိန်လင်းပါ။ မြန်မာအနုပညာရှင်ကိုထိန်လင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး အခု ယူကေမှာ အခြေကျနေပါပြီ။ သူက ဒီကဗျာလေးကို ဗြိတိသျှလူမျိုးဖြစ်တဲ့ သူ့ဇနီးအကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုရုံတင်မက သူ့မိတ်ဆွေရဲ့ကဗျာစာကြောင်းတွေနောက်လိုက်ပြီး ပိုမိုစိတ်ဝင်စားဘွယ်ဖြစ်အောင် သီကုံးရေးချယ်ခဲ့ပါတယ်။ (ဒီကဗျာရဲ့) ထိရှတဲ့ပုံရိပ်ထဲမှာ အကျဉ်းစံမိတ်ဆွေရဲ့ ဦးခေါင်းဟာ သူ့လက်ဖျံတွေထဲ နစ်ဝင်နေပြီလို့ ညွှန်းဆိုထားပါတယ်။ လက်တွေဟာ အမြဲတမ်းမြှောက်ထားရတဲ့ အခြေအနေပါ။

ကိုထိန်းလင်းက “ကျနော်သူနဲ့စတွေ့တာ ၁၉၈၄-ခု၊ တက္ကသိုလ်တက်တုန်းကပါ၊ အဲဒီမှာ ကျနော်တို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပေါ့၊ ကျနော်က ထောင်ထဲမှာ ခြောက်နှစ်နဲ့ ခြောက်လလောက်နေခဲ့ရပါတယ်၊ ထောင်ကထွက်လာတော့ ကျနော့်မှာ နေစရာမရှိတော့ပါဘူး၊ ကိုဇာဂနာက ကျနော့်ကို နေစရာပေးခဲ့တဲ့အပြင် အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းအတွက် ကွန်ပျူတာသုံးပုံသုံးနည်းကိုပါ ပြသခဲ့ပါတယ်…ကျနော်ပန်းချီဆရာလုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” လို့ (သူနဲ့ ကိုဇာဂနာတို့ ဆုံစည်းရပုံကို ပြန်ပြောင်း) ပြောပြပါတယ်။

ကိုဇာဂနာဟာ လူလတ်တန်းစားဖြစ်တဲ့ ရန်ကုန်က ပညာတတ်မိသားစုမှာ မွေးဖွါးလာသူတစ်ယောက်ဖြစ်ပြီး ကျောင်းသားဘ၀ကတည်းက ကဇာတ်ဖျော်ဖြေရေးနဲ့ စည်းရုံးရေးတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ သူဟာ အာဏာရှင်တွေရဲ့ချို့ယွင်းချက်တွေကို အလိမ္မာသုံးပြီး ဝေဘန်ညွန်ပြလေ့ရှိတဲ့ မြန်မာ့ဇာတ်သဘင်လောကက အနုပညာရှင်တွေ၊ လူရွှင်တော်ကြီးတွေရဲ့ ရှည်လျားလှတဲ့ အစဉ်အလာထဲ ၀င်ရောက်ခဲ့ပါတော့တယ်။ သူဟာ ၂၀၀၂ ခုနှစ်တုန်းက ကွယ်လွန်သွားတဲ့ အာဏာရှင်ဦးနေ၀င်းကို “သူတောင်းစား” ဆိုတဲ့နာမည်နဲ့ ပျက်လုံးထုတ်ခဲ့ပေမဲ့ အလွန်နာမည်ရလာပြီးတော့ တီဗွီဖန်သားပြင်ပေါ်မှာ ပုံမှန်တွေ့လာရပါတယ်။

အနုပညာသမားကိုဇာဂနာဟာ ၁၉၈၈-ခုနှစ် အထွေထွေသပိတ်ကြီးထဲ ပါဝင်ရာကနေ နောက်ဆုံးတော့ အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်ပြီး ဖမ်းဆီးထောင်ချတာကို ခံရပါတော့တယ်။ အဲဒီအချိန်ကစပြီး (အာဏာပိုင်တွေနဲ့) အနှစ်ဆယ်လောက်နီးပါး ကြောင်နဲ့ကြွက်လို ပြေးတမ်းလိုက်တမ်းကစားလာတာ အခုအချိန်အထိဆိုပါတော့။ သူဟာ အစမှာ ဇာတ်ခုံပေါ်တင်ဆက်ဖျော်ဖြေမှုတွေ ရုပ်သိမ်းခံခဲ့ရပြီး၊ ၂၀၀၆-ခုနှစ်မှာတော့ ဘယ်အနုပညာဆိုင်ရာလုပ်ငန်းမှ လုပ်ခွင့်မရအောင် အပိတ်ခံလိုက်ရပါတယ်။

၂၀၀၈-ခုနှစ် ဆိုင်ကလုန်းနာဂစ်အရေးအခင်းမှာလှုပ်ရှားမှုကြောင့် (ကိုဇာဂနာဟာ) ထောင်ထဲမှာ လောလောဆယ်အကျဉ်းချခံထားရပါတယ်။ နာဂစ်ပေါ် စစ်အစိုးရရဲ့ တာဝန်မဲ့တုန့်ပြန်မှုတွေကြောင့် မြန်မာပြည်သူပြည်သား အတော်များများဟာ သူတို့ကိုယ်တိုင်စုပေါင်းတာဝန်ယူပြီးတော့ မုန်တိုင်းဒဏ်ကြောင့်အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားကြရရှာတဲ့ ဧရာဝတီလူထုထောင်ပေါင်းများစွာတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။ ကိုဇာဂနာဟာလည်း အဲဒီလိုဆောင်ရွက်ပေးသူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

သူဟာ စစ်အစိုးရရဲ့ တာဝန်ယူညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေကို ဖွင့်ဟပြောပြခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ ဧရာဝတီမဂ္ဂဇင်းကတစ်ဆင့် “အာဏာပိုင်တွေက ဆင်းရဲသူဆင်းရဲသားတွေအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို အကူအညီကောက်ခံလို့ မရအောင် တားဆီးပိတ်ပင်ဖို့ ကြိုးစားနေကြောင်း” ပြောကြားခဲ့ပါတယ်။

“အစမှာတော့ ကျနော်တို့ တော်တော်လေးကို အရဲစွန့်ရပါတယ်၊ ကိုယ့်ဖာသာ ရှေ့ဆက်ချီတက်ရမည့်ကိစ္စကိုး၊ တစ်ခါတစ်ခါ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ရတွေလည်း မနည်းဘူး၊ ဥပမာဗျား၊ ကျနော်တို့ကို မေးတယ်၊ သူတို့ကို မတိုင်ပင်ပဲနဲ့ ဘာဖြစ်လို့ ကိုယ့်ဖာသာလုပ်နေရတာလဲတို့၊ ကျနော်တို့ကို သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်တို့ ဘာတို့ပေါ့၊ ပြီးတော့ ပြောသေးတယ်၊ ကျနော်တို့အသက်ကို တာဝန်မယူနိုင်ဘူးဆိုပြီးတော့”။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားပါ။

စစ်အာဏာရှင်တွေဟာ လူပေါင်း (၁၃၅၀၀၀)လောက် အသက်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ ဒီသဘာဝဘေးကြီးအပေါ် သူတို့ရဲ့တုန့်ပြန်မှုတွေ အချိုးမကျကြောင်း အပြစ်တင်ဝေဖန်သံတွေကို လျှစ်စ်လျှူရှုပြီးတော့ အတိုက်အခံတွေ၊ သတင်းထောက်တွေ၊ ဝေဖန်သူတွေ ဒါဇင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့ကြပါတယ်။ ကိုဇာဂနာကိုတော့ (၅၉) နှစ်ထိ ထောင်ဒဏ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ (၃၅)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကိုဇာဂနာဟာ ရန်ကုန်နဲ့ မိုင် (၉၀၀) လောက်ဝေးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ထဲမှာပါ။

အခြားနိုင်ငံရေးအကျဉ်းသားအများစုလိုပဲ ကိုဇာဂနာကိုလည်း သူ့အိမ်နဲ့ဝေးကွာတဲ့ဒေသမှာ အကျဉ်းချထားတာဖြစ်ပါတယ်။ ယူကေရှိ မြန်မာ့လှုပ်ရှားရေးအဖွဲ့သားတစ်ဦးဖြစ်သူ Anna Roberts ကတော့ “ဒါဟာ စစ်အစိုးရက အကွက်ချစီစဉ်ထားတဲ့ မူဝါဒတစ်ခုပဲ၊ ဒီမူဝါဒဟာ ၂၀၀၇ အရေးအခင်းအပြီးမှာ ပိုအသက်ဝင်လာတယ်” လို့ဆိုပါတယ်။ သူကဆက်ပြီးတော့ “ဒီလိုလုပ်တာကတော့ စစ်အစိုးရဲ့ အပြစ်ပေးနည်းတွေထဲက အစိတ်အပိုင်းတစ်ခုပေါ့၊ ထောင်ထဲမှာ အစားအသောက်တွေ၊ ဆေးဝါးတွေဟာ သိပ်ရှားပါးလှပါတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေရဖို့အရေး သူတို့သက်ဆိုင်ရာအိမ်ကိုပဲ အားကိုးကြရရှာတာပါ၊ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အိမ်နဲ့ဝေးတဲ့ ဒေသတွေဆီပို့ပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်နေတာပါ၊ အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာမိသားစုတွေအတွက် သွားရေးလာရေးအခက်အခဲရှိပြီး ငွေကုန်ကျေးကျများအောင်ပါပဲ” လို့ သုံးသပ်ထားပါတယ်။

ဗြိတိသျှမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးသူ Rex Bloomstein က ကိုဇာဂနာရဲ့အကြောင်းကို သူရေးတဲ့ကဗျာလေး ရောက်လာတဲ့သတင်းကို အခြေခံပြီးတော့ မှတ်တမ်းတင်ကားတစ်ခုအနေနဲ့ “ဒါ ကျုပ်နေတဲ့ ထောင်ပါ” ဆိုတဲ့ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒီမှတ်တမ်းတင်ကားကို ဒီ (ဂျွန်) လမကုန်ခင် မြူးနစ်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစစ်ထားပါတယ်။ မစ္စတာ ဘလူးစတိန်းဟာ လူ့အခွင့်အရေးတွေနဲ့ ကပ်ဘေးကြီးတွေအမျိုးမျိုးကို လေ့လာနေသူတစ်ယောက်ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်မှာ ကိုဇာဂနာနဲ့ ဆုံခဲ့ရကြောင်း ပြောပါတယ်။

“ကျုပ်မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အမှတ်ရဘွယ်သူသားတွေထဲမှာ သူ့ကိုလည်း တစ်ယောက်အနေနဲ့ မြင်မိပါတယ်၊ သူဟာ တကဲ့ကို အသိအမှတ်ပြုထိုက်တဲ့လူတစ်ယောက်ပါ၊ အကြောက်အရွံ့ကင်းသလို ဖျားယောင်းသွေးဆောင်လို့ ရမည့်လူစားလည်းမဟုတ်ပါဘူး၊ သူဟာ ဗမာ့စိတ်ဓာတ်ရဲ့ အံ့ဘွယ်ပြယုဂ်တစ်ခုပါပဲ၊ ဒါကြောင့်လည်း စစ်အစိုးရက ဒီစိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကျိုးစားနေတာပါ၊ ဒါပေမဲ့ မရပါဘူး” လို့ မစ္စတာ ဘလူးစတိန်းက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆုရဓာတ်ပုံဆရာ James Mackay လုပ်ခဲ့တဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ စီမံကိန်းတစ်ခုမှာ အတူပါဝင်ဆောင်ရွက်ခဲ့သူ ကိုထိန်လင်းက “ကိုဇာဂနာဟာ ထောင်ထဲရောက်နေပေမဲ့လို့ နောက်ထပ် သူ့ဆီက သတင်းတွေ ထပ်ကြားရဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။ လူရွှင်တော်ဇာဂနာဟာ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၁၀၀)ကျော်ကျော်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေအားလုံးဟာ ဗမာ့ထောင်တွေထဲမှာ ဒုက္ခအကြီးအကျယ်ရောက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်နေကြပါတယ်။

“ကျနော့်အတွက်တော့ သူဒီကဗျာကို ရေးတယ် ဆိုတဲ့သတင်းကြားရတာဟာ အံ့သြစရာတစ်ခုမဟုတ်ပါဘူး၊ ကျနော်က သူ့အကြောင်း ကောင်းကောင်းသိနေတာကိုး၊ အရင် ထောင်ထဲနေရစဉ်တုန်းကလည်း ရုပ်ရှင်ကားတစ်ခုလုံးရဲ့ဇာတ်ညွှန်းကို သူ့ခေါင်းထဲ ရေးခဲ့ဘူးတယ်၊ ထောင်ကထွက်ထွက်ချင်း အဲဒီရုပ်ရှင်ကားရိုက်တော့ လူတွေကတောင် “ခင်းဗျား ဇာတ်ညွှန်းကို ဘယ်တုန်းက ရေးခဲ့တာလဲ” လို့ မေးနေကြသေးတယ်၊ သူ အဲဒီဇာတ်ညွှန်းကို ထောင်ထဲမှာ နေ့တိုင်းရေးခဲ့တာ၊ တစ်ချိန်လုံး သူအလုပ်လုပ်နေတာပါပဲ၊ ကျနော်သိတယ်ဗျာ့၊ သူက ကဗျာတစ်ပုဒ်ကို ရေးနေတာမျိုးလည်းဖြစ်မယ်၊ ဒါမှမဟုတ်၊ ပျက်လုံးတစ်ခုခု ထုတ်နေတာလည်းဖြစ်မယ်၊ နေ့တိုင်းပေါ့” လို့ ကိုထိန်လင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။


မင်းထက် ဘာသာပြန်သည်။ (၁၀/၀၆/၂၀၁၀)


ဘာသာပြန်ပြီး ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။