09 June 2010

ဗုံးထောင်ထားသည်ဟု ခြိမ်းခြောက်ကာ ကျပ်သိန်း ၅၀၀ တောင်းသူ လူငယ် တစ်ဦးအား ဖမ်းဆီး

မကွေးမြို့၏ အထင်ကရဖြစ်သည့် ပြည်တော်သာလမ်းရှိ ကောင်းမွန် စူပါမားကတ်အား ဗုံး(၃)လုံး ထောင်ထားသည် ဟုဆိုကာ နာရီဝက်အတွင်း ကျပ်သိန်း ၅၀၀ မပေးပါက အကြောင်းသိမည်ဟု ဆိုပြီး စူပါမားကတ် ဝန်ထမ်းများနှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ကတ်ဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုသူအား မကွေးခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၅၁ မိနစ် အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းရှိ ကောင်းမွန်စူပါမားကတ် အထွေထွေ မန်နေဂျာ ဦးအောင်မျိုးထံသို့ အမျိုးသားတစ်ဦးက ၄င်း၏ကတ်ဖုန်း အမှတ် (၀၉-၄၄၄၅၆၀၃၅) ဖြင့် ကောင်းမွန် စူပါမားကတ် ဖုန်းအမှတ် (၀၆၃-၂၃၆၀၁)နှင့် (၀၉-၅၁၀၇၈၆၈) သို့ ဆက်သွယ်ပြီး ကောင်းမွန် စူပါမားကတ် အတွင်း မိုင်းဗုံး ၃ လုံးထောင်ထားကြောင်း နာရီဝက်အတွင်း ငွေကျပ်သိန်း ၅၀၀ ပေးရန် တောင်းဆိုခဲ့ပြီး ၄င်းတို့အဖွဲ့မှာ အသစ်ဖွဲ့စည်းထားသည့် ဆန့်ကျင်ဘက် အဖွဲ့ဖြစ်ကာ လူထုကို ဒုက္ခပေးဖို့ မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်ဖို့ ဖြစ်ကြောင်း၊ သိန်း ၅၀၀ မပေးပါက နောက်နာရီဝက်အတွင်း အကြောင်းသိစေရမည်ဟု ခြိမ်းခြောက် ခဲ့သည်။

၎င်းတို့ထောင်ထားသော မိုင်းဗုံးမှာ ဂျီအီးအဖွဲ့ရှိ ပစ္စည်းများနှင့် စစ်ဆေးကြည့်၍ မရသော ခေတ်မီ မိုင်းဗုံး ဖြစ်ကြောင်း မည်သည့်ဌာနကိုမှ တိုင်ကြားခြင်း မပြုရန်နှင့် ၄င်းတို့တွင် စောင့်ကြည့်အဖွဲ့များ ရှိကြောင်း တို့ကို ဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ကတ်ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုသူအား စုံစမ်း ဖော်ထုတ် ပေးပါရန် မေလ ၂၂ ရက်က ဦးအောင်မျိုးမှ တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။


အဆိုပါ အမှုကို မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သူရသွင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြူသင်းနှင့် အဖွဲ့ကို အနီးကပ် ကြီးကြပ်ကာ ဆက်သွယ်မှုပြုခဲ့သော ကတ်ဖုန်းအမှတ် (၀၉-၄၄၄၅၆၀၃၅)အား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဖော်ထုတ်ရာ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နေ သိန်းကျော် အသက်(၂၇)နှစ်၏ ကတ်ဖုန်းဖြစ်ကြောင်း သိရှိရသည်။


ထို့ကြောင့် တာဝန် ရှိသူများသည် တောင်တွင်းကြီးမြို့သို့ ချက်ချင်းသွား၍ သိန်းကျော်၏ နေအိမ်အား ကင်းပုန်းဝပ် စောင့်ကြည့် ဖမ်းဆီးရာမှ သိန်းကျော်အား ၄င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ သိန်းကျော်ဆိုသူအား မကွေး အမှတ်(၁) ရဲစခန်းမှ (ပ)၂၅၇/၂၀၁၀ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)/၅၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယနေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။