19 May 2010

မူဆယ်မြို့ မှ ယာဉ်ထိန်းရဲ များ မော်တော်ဆိုက်ကယ်မောင်းသူများအား အနိုင်ကျင့်စော်ကားပြီငွေတောင်းခြင်း

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ဆိုင်ကယ်မောင်းသူများထံမှ ငွေတောင်းခြင်း သာမက အနိုင်ကျင့် စော်ကားမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

မူဆယ်မြို့ ရှောင်တခင် ယာဉ်စစ်ဆေးချိန် အတွင်း ဆိုင်ကယ်စီး ဦးထုတ် မဆောင်းသူများအား ကျပ် ၅၀၀၀ ဒဏ်ရိုက်သည့် အပြင် ယာဉ်အရှိန် ချက်ခြင်း မလျှော့ပါက ခြေထောက်ဖြင့် ကန်ကျောက်ခြင်း ဖိုင်ဘာဦးထုတ်ဖြင့် ရိုက်ခြင်းများကြောင့် ဒေသခံဆိုင်ကယ်သမားများနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ရှောင်တခင်စစ်ဆေးလျှက်ရှိရာ မေလ ၁၆ ရက်က မူဆယ်မြို့ ရွှေသမင်ကုန်း အဆင်းတွင် ပြုလုပ်ခဲ့သေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်ဆင်ရေးကြီးတစ်ခုလို လုပ်နေတာဗျ။ ဟိုဘက်လမ်းထိပ် ဒီဘက်လမ်းထိပ် ၂ ယောက်စီ အနည်းဆုံး ၃ ယောက် လောက်စောင့်နေသေးတယ်၊ လမ်းပိတ်ပြီးတားတယ် ”

ဆိုင်ကယ်အရှိန်မထိန်းနိုင်လို့ ရှိရင် ပိတ်ကန်ပစ်တာတို့ သူတို့ဆောင်းတဲ့ ဟဲလ်မက် ဦးထုတ်နဲ့ရိုက်တာတို့ ကောင်မလေး တွေ ဆိုရင် ဆိုင်ကယ်လက်ကိုင်ဖမ်းဆွဲတယ်၊ ချက်ခြင်း သော့ဖြုတ်ယူတယ်။ ဥပဒေအရ လုပ်တာမဟုတ်တော့ဘူး ကိုယ်ထိလက် ရောက်လုပ်နေတော့ နေ့တိုင်းပြဿနာဖြစ်နေတယ် ” ဟု သူက ဆိုသည်။


ထိုသို့ ရိုက်နှက်မှုကြောင့် ခိုက်ရန်ဖြစ်ပွားပါက ဒေသခံများအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အရေးယူပြီး မူဆယ်ရဲအချုပ်တွင် ဖမ်းဆီးချုပ်နှောင်လေ့ရှိကြောင်းလည်းသိရသည်။

ဒေသခံများ ဆိုင်ကယ်စီးဦးထုတ်မပါ လျှင် ကျပ်ငွေ ၅၀၀၀ ဒဏ်ရိုက်သော်လည်း ရဲမိသားစုများ ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပိုင်ရာဆိုင်ရာများ ယာဉ်စည်းကမ်းချိုးဖေါက်မှုကိုမူ အရေးယူခြင်းမရှိကြောင်း သိရသည်။

“အဲလိုလုပ်တော့ ရွာကနေတက်လာတဲ့သူတွေ ဈေးလာရောင်းတဲ့သူတွေ အများဆုံးခံရတယ်ဗျ ဥပဒေအရဖမ်းမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီတို့ အိတ်ဇောဖွင့်မောင်းတာတို့ ထော်လာဂျီကယ်ရီတို့ အဲဒါမျိုးကျတော့ ၀ါးလုံးနှစ်လုံးတားပြီး ပိုက်ဆံ ရတယ် အဲဒါမျိုးတော့မဖမ်းဘူးဗျ၊ ယာဉ်ထိန်းရဲကို မူဆယ်တစ်မြို့လုံး အော့နှလုံးနာတယ် ” ဟု ဆိုသည်။

မူဆယ်မြို့လျှပ်တပြက် surprise check လုပ်လေ့ရှိသည့် နေရာများမှာ ရွှေသမင်ကုန်အဆင်း၊ နာရီစဉ်၊ ကမ္ဘောဇဘဏ် လမ်းကြား နှင့် မြို့အထွက် အေးရှားဝေါလ်တိုးဂိတ် တစ်ဝိုက်ဖြစ်ပြီး တစ်ရက်ဝင်ငွေ ကျပ် ၁၀ သိန်းကျော်ရှိပြီး ယာဉ်ထိန်းရဲ တစ်ယောက် တစ်လ၀င်ငွေ ကျပ်သိန်း ၃၀ အထက် ရှိကြောင်း ရဲနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၀၄ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးသည့် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဖျက်သိမ်းခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့သည် အာဏာပါဝါအရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာသော်လည်း ဗုံးကွဲမှုကဲ့သို့သော အန္တရာယ်များတွင်မူ ပြည်သူလူထုအတွက် တာ ၀န် မယူနိုင်ပဲ လမ်းပေါ်ထွက်ငွေတောင်းစားသည့် ပြည်တော်ချက်မေတ္တာခဲအဖြစ် ရှုမြင်ခြင်း ခံနေရသည်။

ရင်းမြစ်...သျှမ်းသံတော်ဆင့်