21 May 2010

နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီ မ၀င် မနေရ စုဆောင်း

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး လုပ်ငန်းများ ယနေ့စတင် လုပ်ဆောင်နေ ကြောင်း သိရသည်။


ယနေ့ မြို့ပေါ်ရပ်ကွက်များအတွင်း ပါတီဝင်စုဆောင်းရာတွင် တစ်ရပ်ကွက် အယောက် ၅၀ မ၀င်မနေရ စနစ်ဖြင့် စုဆောင်း နေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


နမ့်ခမ်း ကြံ့ဖွံ့ပါတီအနေဖြင့် ဒေသတွင်း ပါတီဝင် စုဆောင်းရေး အတွက် ကြိုတင် ပြင်ဆင်နေရာ မေလ ၁၉ ရက်နေ့က ကြံ့ဖွံ့ တာဝန် ရှိသူများနှင့် ကွန်ဟိုင်း ၊ နောင်ခမ်းနှင့် မန့်ကွန် ကျေးရွာအာဏာပိုင်များတွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေး သည်။


“ရွာဘက်တွေမှာ ပါတီဝင်စုဆောင်းဖို့ မနေ့ကတော့ ကျေးရွာအာဏာပိုင်တွေနဲ့ ညှိနှိုင်းတာပေါ့ သူတို့ အားလပ်မဲ့အချိန် လုပ်ငန်းတွေ စတင်နိုင်မှာပါ လောလောဆယ် ပြင်ဆင်နေပါပြီ ” ဟု နမ့်ခမ်းကြံ့ဖွံ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းတို့ အနေဖြင့် ပါတီဝင်အင်အား ရရှိရန် ဒေသအာဏာပိုင်များ၏ အကူအညီယူမည် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အ တွက် နမ့်ခမ်းမြို့ပေါ်တွင် ကြံ့ဖွံ့ပါတီဝင်အင်အား အနည်းဆုံး ၅၀၀၀ စုဆောင်းရန် အာမခံထားရကြောင်း သူက ဆိုသည်။


“ဒီနေ့နေ့လည်ပိုင်း ရပ်ကွက်ထဲမှာ စကောက်နေပြီ တစ်ရပ်ကွက်ကို အယောက် ၅၀ ကြံ့ဖွံ့မ၀င်မနေရပေါ့ အဲဒါ ရယကကို အထက်ကအမိန့် ချပြီးလုပ်တာလို့ ပြောတယ် ” ဟု ပထမဒေသခံက ပြောသည်။



ဧပြီလကုန်ပိုင်းက နအဖ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၀ ကျော်သည် ၄င်းတို့၏ရာထူးများမှ နူတ် ထွက်လိုက်ကာ ကြံ့ဖွံ့ပါတီ ဦးဆောင်သူများ ဖြစ်လာကြသည်။



ယခုအခါ ၀န်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဧပြီလ ၂၉ ရက်နေ့က ပါတီ မှတ်ပုံတင် လျှောက်ထားသည်။



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် ၀င်ရောက်ယှဉ်ပြိုင်စရာမလိုပဲ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူ ထားကာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကြံ့ဖွံ့အနေဖြင့်လည်း ရွေးကောက်ပွဲ အနိုင်ရရန် ထင်တိုင်းကျဲ နေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။



ရင်းမြစ်..သျှမ်းသံတော်ဆင့်