08 December 2011

နိုင်ငံရေးအကျဉ်းသားစာရင်းအား အများပြည်သူထံ ဖြန့်ဝေမည်

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်စာရင်းအား ပြုစုကာ အများပြည်သူထံ ဖြန့်ဝေမည်ဖြစ်ကြောင်း အဆိုပါစာရင်းအား ပြုစုနေသူ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးတိုးကျော်လှိုင်က ပြောကြားသည်။

အဆိုပါစာရင်းအား နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့လည်း တင်ပြမည်ဖြစ်ကာ အများပြည်သူ သိရှိစေနိုင်ရန်အတွက် လူသွား၊လူလာများသည့် နေရာများတွင် ကပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“အာဏာပိုင်တွေ မကပ်နဲ့ဆိုတဲ့ နေရာမှာ မကပ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ သွားလာတတ်တဲ့ နေရာတွေ၊ အမေရိကန် စင်တာတွေမှာ ကပ်ထားမှာပါ”ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

၎င်းတို့ပြုစုသည့် နိုင်ငံရေးအကျဉ်းသားစာရင်းသည် အခြားသော အဖွဲ့အစည်းများက ပြုစုနေသည့် စာရင်းနှင့် တူညီမှုမရှိသော်လည်း အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်စေရန် ရည်ရွယ်ထားပါကြောင်း ဦးတိုးကျော်လှိုင်က ထုတ်ဖော် ပြော ကြားသည်။

အန်အယ်ဒီမှ ထုတ်ပြန်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်သည် အကျဉ်းထောင်များတွင် ဆက်လက်ကျန်ရှိနေကြောင်း ဖော်ပြထားသည်။

“အစိုးရက နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် လွှတ်ပေးတယ်ဆိုတာ သိရဖို့ တိကျတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းရှိဖို့ လိုပါတယ်”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောသည်။

“တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိမယ် ဆိုတာ သေချာပါတယ်”ဟု အမျိုးသားလူ့အခွင့် အရေး ကော် မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြည်ပရောက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း...YC(KS)