04 December 2011

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခု (မောင်ဝံသ)

၃ ဒီဇင်ဘာ ၂၀၁၁ (စနေနေ့)က ဘိုးတော် ဆီ ကျွန်တော် ကြိုတင် ချိန်းဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဘိုးတော်ဆိုတာ ကျွန်တော်တို့က လေးစားသမှုနဲ့ ချစ်စနိုး ခေါ်တဲ့ အခေါ်အဝေါ်ပါ။ ဟံသာဝတီ ဦးဝင်းတင်ကို ကွယ်ရာမှာ ခေါ်ခြင်း ဖြစ်ပါတယ်။

ရှေ့တွင်မှာတော့ ဆရာလို့ပဲ ခေါ်ပါတယ်။

ဆရာ့ဆီ သွားတဲ့အကြောင်းက အတွေးအမြင်နဲ့ သတင်းထူး (ဘက်စုံ)ဂျာနယ်တွေမှာ လွန်ခဲ့တဲ့ နှစ် အစိတ် သုံးဆယ်က ဆရာရေးခဲ့တဲ့ ဆောင်းပါးတွေကို ``နိုင်ငံရေးဒဏ္ဍာရီနှင့် အတွေးအမြင်ဆောင်းပါးများ´´ ခေါင်းစဉ်နဲ့ ပေါင်းချုပ်စာအုပ် ဒေါင်းစာပေက ထုတ်ဝေဖြစ်တဲ့အတွက် ဆရာ့ကို ဥာဏ်ပူဇော်ခနဲ့ မေတ္တာလက်ဆောင် စာအုပ်တွေ သွားပို့ပေးတာပါ။ သပ်သပ်ရပ်ရပ် လှလှပပ စာအုပ်လေးဖြစ်လာတာကို အပြန်ပြန်အလှန်လှန် ကိုင်ကြည့်ပြီး ဆရာက ပြုံးနေပါတယ်။ ဆရာ အများကြီး ကျေနပ်အားရတယ်လို့ ပြောပါတယ်။

ပထမတော့ ကျွန်တော်က ဆရာဦးဝင်းတင်ကိုယ်တိုင် စာဖတ်ပရိသတ်နဲ့တွေ့ဆုံ လက်မှတ်ထိုးပေးတဲ့ ပွဲလေးတစ်ပွဲ လုပ်ပေးမယ်လို့ စဉ်းစားပေမယ့် ဒီရက်တွေအတွင်း ဆရာက အရမ်း အလုပ်များနေတာကြောင့် စာအုပ်ကို အရင် ဖြန့်လိုက်ရတာပါ။ တစ်ချိန်ချိန် အဆင်ပြေတော့မှ ဟံသာဝတီဦးဝင်းတင်နဲ့ စာဖတ်သူများ တွေ့ဆုံပွဲကို လုပ်ဖို့ ကြိုးစားပါမယ်။

ခုလောလောဆယ်တော့ ဖောင်ဒေးရှင်းတွေ ခေတ်စားနေချိန်မှာ

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းဆိုပြီး နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ ပြန်
လည်ထူထောင်ရေးကို အဓိက ဦးစားပေးဆောင်ရွက်မယ့် ဖောင်ဒေးရှင်းတစ်ခု ဖော်ထုတ်ဖို့ ကျွန်တော် စိတ်ကူးအိပ်မက် မက်နေပါတယ်။

ဝန်ခံရရင် များမကြာသေးခင်က တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်သွားတဲ့ ဒေါက်တာ ထွန်းလွင်ဖောင်ဒေးရှင်း တည်ထောင်တဲ့ အခမ်းအနားကို ကျွန်တော် တက်ရောက်ချိန်မှာ ဒီစိတ်ကူးပေါ်ခဲ့တာပါ။ ဒေါက်တာထွန်းလွင်က မြန်မာပြည်သူတွေ မိုးလေ၀သ အသိနဲ့ သတိရှိနေကြဖို့ ပညာပေး နှိုးဆော်တဲ့ ဖောင်ဒေးရှင်းလုပ်တယ်။ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ ပြန်လည်ထူထောင်ရေးအတွက် သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စသဖြင့် အစစအရာရာကို ကူညီထောက်ပံ့ဆောင်ရွက်ပေးနိုင်တဲ့ ဖောင်ဒေးရှင်းတစ်ခု ဖော်ထုတ်ချင်တာပါ။ ကျွန်တော့် နာမည်နဲ့ ပုဂ္ဂိုလ်ရေး အလေးချိန် (weight)နဲ့ စာရင် ဆရာ ဦးဝင်းတင်က အဆပေါင်းများစွာ ကြီးမားပြီး အားရှိတာကို နားလည်တဲ့အတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဆိုတဲ့ နာမည်ကို တပ်ချင်ပါတယ်။ ဒါကြောင့် မနေ့က စကားစပ်မိရင်း ဆရာ့သဘောထားကို နားထောင်ကြည့်တော့ သဘောကျပုံရပါတယ်။ အရိယမဂ္ဂင်လမ်းက အိမ်ရှင်ဖြစ်တဲ့ ဆရာ့ငယ်သူငယ်ချင်း ဦးအုန်းထွန်းကလည်း သဘောတွေကျနေတယ်။ ဆရာ့တပည့်ရင်း သတင်းစာဆရာ ကိုစိန်ရွှေလှိုင်နဲ့ ဆရာဒေါက်ထွေးတို့လည်း ရှိတယ်။ ကိုစိန်ရွှေကလည်း တက်ကြွနေတာပါပဲ။ လုပ်ပြီဆိုရင် သူတို့က ခြေသည်းလက်သည်း လုပ်နိုင်မည့်သူတွေပါ။

ဆရာဦးဝင်းတင်ဟာ လောလောဆယ်မှာကိုပဲ ဖောင်ဒေးရှင်းနာမည်မခံပေမယ့် ကျွန်တော် စိတ်ကူးမိတဲ့ လုပ်ငန်းတွေကို လက်တွေ့ အကောင်အထည်ဖော်နေတာပါ။ သူ့ဆီ လာပေးတဲ့ ဆေးဖိုးဝါးခ လှူငွေအားလုံး၊ စာမူခစတဲ့ အခြား ၀င်လာသမျှ ငွေအားလုံးကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ လက်ရှိ ထောင်ထဲက မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုတွေဆီကို အကုန် ပေးပစ်နေတာ ကျွန်တော်တို့ အသိဆုံးပါ။ ဘယ်ဘက်လက်ထဲဝင်လာတဲ့ငွေကို ညာဘက်ဘက်က ပြန်ထုတ်ပေးလိုက်သလိုပါပဲ။

လွန်ခဲ့တဲ့ နှစ် လေးငါးဆယ်ကတည်းက ဆရာဦးဝင်းတင်ဟာ သူ့လခစာအိတ်ကို ခေါင်းအုံးအောက်ထားပြီး ပိုက်ဆံလိုနေတဲ့ သတင်းထောက် အယ်ဒီတာတွေကို လိုသလောက် နှိုက်ယူသုံးစွဲခွင့်ပေးခဲ့တယ်။ အဲဒီတုန်းက နိုင်ငံရေးကိစ္စနဲ့ ထိန်းသိမ်းခံနေရတဲ့ သတင်းစာဆရာတွေရဲ့ မိသားစုတွေကို လခထဲက ဖဲ့ပြီး ထောက်ပံ့နေခဲ့တယ်ဆိုတာအထောက်တော်လှအောင်၊ မောင်နေ၀င်း၊ နေးရှင်းဦးလှထွေး၊ ကြေးမုံဦးစိုးနိုင်၊
ကြေးမုံ ကိုအုန်းဖေ စသူတို့ရဲ့ မိသားစုတွေက ခုထိ ပြောနေကြတုန်းပါ။ ဟိုအရင်က ဆရာ့ရဲ့ သူတစ်ပါးကို အကူအညီပေးတတ်တဲ့ အလေ့အကျင့်လေးတွေကို အခုထွက်တဲ့ နိုင်ငံရေးဒဏ္ဍာရီ စာအုပ်မှာ ပါတဲ့ မောင်ဝံသ အမှာစာမှာ ဖတ်ကြည့်လို့ရပါတယ်။

ကျွန်တော်ကလည်း စိတ်ကူးသာ ယဉ်နေတာ၊ တစ်ယောက်ကောင်းနှစ်ယောက်ကောင်းနဲ့လုပ်လို့မရတဲ့ ကိစ္စ ဖြစ်လေတော့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ဦးဆောင်ပြီး လုပ်လိုကြတဲ့ ဆရာ့ မိတ်ဆွေ၊ ရဲဘော်နဲ့ တပည့်များ ၀ိုင်းဝန်းစဉ်းစားပေးကြပါရန် ကြေညာမောင်းခတ်လိုက်ရကြောင်းပါဗျာ။

မောင်ဝံသ ၀၄၊ ၁၂၊ ၂၀၁၁