10 December 2011

ဝိုင်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် ဆေးဝါးအကူအညီလိုအပ်လျက်ရှိ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ပွဲ များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသော ရွာသားအချို့မှာ အစားအသောက်အခက်အခဲရှိနေရုံ သာမ က ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရှိရသည်။

ဝိုင်းမော်မြို့မှ စစ်ဘေးဒုက္ခသည်များမှာ ၆၀၀ ဦးရေခန့်ရှိလျှင် ၃၀၀ ခန့်မှာ ၀မ်းလျှော ၊နှာစေး ၊ ချောင်းဆိုခြင်း နှင့် ယားနာကဲ့သို့သော ရောဂါကို ခံစားနေကြရကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ကြရသော ဒုက္ခသည်အများစုမှာ ၀ိုင်းမော်မြို့တွင် နေထိုင်ကြပြီး စားဝတ်နေရေးမှာ အဆင်မပြေဘဲ ၀မ်းလျှောခြင်း၊ နှာစေးခြင်း ၊ချောင်းဆိုးခြင်းနှင့် ယားနာများ ဖြစ်ပေါ်လျက်ရှိနေသောကြောင့် အဆိုပါ လူနာများအတွက် ဆေးဝါးလိုအပ်နေကြောင်း သိရှိရသည်။

မြန်မာ့စစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့၏ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးလာခဲ့သူဦးရေမှာတစ်သောင်းကျော်ရှိပြီး မြစ်ကြီးနားမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၈)ခု ၊ ၀ိုင်းမော်တွင် ကယ်ဆယ်ရေးစခန်း (၁၂)ခု ထားရှိထားကြောင်း သိရှိရသည်။

“လူနာတွေ အများစုကတော့ နှာစေး ၊ ချောင်းဆိုး ၊ ယားနာဖြစ်ကြတယ် နောက်ဝမ်းလျှောတာပေါ့ အဲ့လိုတွေ ဖြစ်ရတာကလည်း အစားအသောက်ကြောင့်ပါ ဆေးကတော့တော်တော်ကို လိုအပ်နေတယ်“ ဟုဝိုင်းမော်သို့ သွားရောက်ကုသပေးနေသူ မန္တလေးမြို့မှ အထွေထွေအထူးကု ဆရာဝန် ဒေါ်နီလာဝင်းကပြောသည်။

မြစ်ကြီးနားမြို့မှ ဆရာဝန် ၂ယောက်နှင့် မန္တလေးမြို့မှ ဆရာဝန် တစ်ဦးသာ ၀ိုင်းမော်မြို့ရှိ လူနာများကို စောင့် ရှောက်ကုသပေးနေသောကြောင့် ဆေးကုသမှုအပိုင်းတွင် အားနည်းနေသေးကြောင်းကိုလည်း သိရှိရသည်။

“ဆရာဝန်က အားလုံးပေါင်းမှ ၂ယောက်ဘဲရှိတယ် အကူအညီပေးရေးအဖွဲ့တွေကလည်း သိပ်မရှိဘူး အဲ့တော့ ဒီမှာ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေတဲ့လူ တော်တော်များတယ်ဗျ ဆေးကုသမှုပိုင်းကလည်း အားနည်း တယ် အားနည်းတယ်ဆိုတာ ဥပမာ အနာတစ်ခုဖြစ်ရင် လျင်လျင်မြန်မြန် ကုသပေးဖို့ လိုအပ်တယ်ပေါ့နော် အဲ့အပိုင်းလေးတွေ အားနည်းနေတာပါ” ဟုဝိုင်းမော်သို့ သွားရောက် အကူအညီပေးနေသူ ကိုကျော်ဇေယျက ပြောသည်။


သတင်းများအားပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။