15 August 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၁၁ နာရီကြာ ပထမဆုံး နိုင်ငံရေးခရီးစဉ် အောင်မြင်စွာပြီးဆုံး





မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းမှလွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သော ၁၁ နာရီကြာ နိုင်ငံရေး ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးအုန်းကြိုင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီးရှိ သနပ်ပင်မြို့နှင့်ပဲခူးမြို့တွင် သြဂုတ်လ ၁၄ ရက်နေ့က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များအား NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အတူ ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့ထောက်ခံမှုအား ကောင်းနေသည်ကို သုံးသပ်၍ ယနေ့ခရီးစဉ်အား အောင်မြင် သည်ဟု သုံးသပ်ခြင်း ဖြစ်ကြောင်း ဆက်လက်ဆိုသည်။

ယင်းက “ပဲခူးမှာကော၊ သနပ်ပင်မှာပါ ထောက်ခံမှုအားက အရင်လိုပဲ၊ဘာမှ လျော့သွားတာ မရှိဘူး။ ဒီလိုဖြစ်လေ၊ ကျွန်တော်တို့ စိတ်ဓာတ် တက် ကြွလေ၊ ဆက်လုပ်ဖို့ အားတွေရှိလေ”ဟု ဆက်လက်ပြောကြားသည်။

ပဲခူးမြို့သို့ လာရောက်သည့် ခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပဲခူးကို မလာနိုင်တာ ၁၁ နှစ် ကြာပြီ။ နောက်ကျရင်တော့ ပဲခူးကို ခဏခဏ လာဖြစ်မယ် ထင်တယ်”ဟု ပဲခူးမြို့ရှိ အောင်ဆန်းဂျာမွန်းစာကြည့်တိုက် ဖွင့်ပွဲတွင် ထည့်သွင်း ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ခရီးစဉ်တွင် ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ နောင်များတွင် လည်း ပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးကြပါရန် ပြောကြားသွားခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့ကတည်းက ပဲခူးမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာမည်ဆိုသည့် သတင်းများပျံ့နှံနေခြင်း ဖြစ်သည့်အတွက် ပဲခူးလူထုက မျှော်လင့်နေသည့်ရက်မှာ သြဂုတ်လ ၁၄ ရက်နေ့တွင် အမှန်တကယ် ဖြစ်လာကြောင်း ပန်းလှိုင် ၂၃ လမ်း၊ ပဲခူးမြို့တွင် နေထိုင်သူ ဦးမြင့်ကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ ၁၉၈၉ ခုနှစ်တွင် တစ်ကြိမ်၊ ၊၂၀၀၂ ခုနှစ်တွင် တစ်ကြိမ် လာရောက်ခဲ့ဖူးကြောင်း ယခုအချိန်သည် ယင်း၏ တတိယအကြိမ် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

“ဒေါ်စု လာမယ်ဆိုတဲ့ သတင်းပျံ့နေတာတော့ ကြာပြီ၊ လာမယ်လည်း မျှော်လင့်တယ်။ ဒီလိုမျှော်လင့်တာ ဖြစ်လာတော့ အရမ်းပျော်ပါတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးနိုင်ငံရေး ခရီးစဉ်တွင် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနှင့် ဗြိတိန်သံရုံးမှ သံရုံးတာဝန်ရှိသူများနှင့် သတင်း မီဒီယာသမားများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူများ လိုက်ပါခဲ့ကြောင်း သိရှိရသည်။

သြဂုတ် ၁၄ ရက်နေ့ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ပဲခူး ရွှေမော်ဓောဘုရား၊ သာသနာ့မဏ္ဍိုင် ဘုန်းကြီးကျောင်း၊ သနပ်ပင် မြို့နယ် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်၊ ပဲခူးမြို့နယ် အောင်ဆန်းဂျာမွန်းစာကြည့်တိုက်နှင့် ပဲခူးမြို့ ရွှေနံ့သာဘုရားတွင် ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေးစခန်းတို့ကို သွားရောက်ခဲ့ပြီး၊ ရေဘေး ဒုက္ခရောက်သူများအတွက် ငွေကျပ် ၅ သိန်းလှုဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်း..YC(KS)