14 August 2011

အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း

(BBC News မှ 12 August 2011 ရက်စွဲပါ “Burma Government offers Suu Kyi’s NLD ‘Reconciliation’ ” ကို Y C မှ ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မြန်မာအစိုးရသစ်က ပထမဆုံး ဦးဦးဖျားဖျား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက “အစိုးရသည် NLD ပါတီကို သတိထား၍ ဂရုတစိုက် ကိုင်တွယ်လျက် ရှိနေကြောင်း” ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးနှင့် လတ်တလောတွင် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ဆက်ဆံ ရေး သိသိသာသာ တိုးတက်မှု လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပေသည်။ ယခင် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ရှုတ်ချပြောဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသည့် NLD ပါတီသည် မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်တွင် တရားဝင်ပါတီ မဟုတ်တော့ဟု ကြေညာ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနှစ် ၅ဝ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေသော်လည်း ပြည်တွင်း ပြည်ပမှ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ အင်အားကြီး တပ်မတော်က ဆက်လက်၍ အာဏာအမြစ်တွယ်နိုင်ရန် ရည်ရွယ်ဖန်တီး ထားသော အတုအယောင် တစ်ခုအဖြစ် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေး

အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ဟု ခေါ်သော အဖွဲ့သစ်ကို ဦးဆောင်သည့် ဦးကျော်ဆန်းက NLD ပါတီနှင့် စေ့စပ် သင့်မြတ်ရေးကိစ္စကို မပြော စဖူး သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့သော NLD ပါတီကို ဂရုတစိုက် သတိ ထား၍ ကိုင်တွယ်ခဲ့ပြီး အမျိုးသားရေး အကျိုးစီးပွားကို ပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ကမ်းလှမ်းနေပါသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

“တကယ်လို့ NLD ပါတီ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်တယ် ဆိုရင်တော့ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင် ပါတီ ဖြစ်အောင် ဖွဲ့စည်းဖို့ လိုပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD ပါတီကို ဖိတ်ခေါ်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့တွင် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးကြရာ လက်ရှိ သီတင်းပတ်များအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် ဒီမိုကရေစီစနစ် ဆက်လက် ပြောင်းလဲ တိုးတက်ရေးနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်မှ မိုင် ၅ဝ (၈ဝ ကီလိုမီတာ) ခန့် ဝေးသော ပဲခူးမြို့သို့ ယခု သီတင်းပတ်ကုန်တွင် နေ့ချင်းပြန် ခရီးသွား၍ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။ ပဲခူးခရီးစဉ်သည် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ရန်ကုန်မြို့ပြင်ထွက်၍ စည်းရုံးရေး ဆင်းသည့် ခရီးဖြစ်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်က နောက်ဆုံး စည်းရုံးရေးဆင်းခဲ့သည့် ခရီးစဉ်တွင်မူ တပ်မတော်အစိုးရက စည်းရုံးစေခိုင်းထားသော လူရမ်းကားများက သူမ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် NLD အမာခံ ထောက်ခံသူ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူမ၏ NLD ပါတီသည်လည်း ၁၉၉၀ ခုနှစ်ကတည်းက တပ်မတော်အစိုးရစီစဉ်သော ရွေးကောက်ပွဲတွင် အနိုင်ယူပြီးနောက်ပိုင်း တပ်မတော် ၏ အငြှိုးတကြီး အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။

NLD ပါတီသည် ထိုစဉ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်ဖက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်း ယူခွင့် မရခဲ့ပေ။