19 August 2011

ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက် လည်ပတ်

(AFP သတင်း မှ 17 Aug 2011 ရက်စွဲပါ “Taiwon’s opposition visits Aung San Suu Kyi” သတင်းကို Y C မှဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် အဓိက အတိုက်အခံပါတီ၏ ထိပ်တန်းတာဝန်ရှိသူများသည် ထိုင်ဝမ်ကျွန်း နိုင်ငံရေးလောကမှ အမျိုးသမီးများ၏ ကဏ္ဍကို ထုတ်ဖေါ် ချီးကျူးပြောဆို သူ မြန်မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ရှားရှားပါးပါး သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ထိုင်ဝမ် အတိုက်အခံ ပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံထံမှ လွတ်လပ်ရေး ရရှိလိုသော Democratic Progressive Party ( DPP ) က ၎င်းတို့ ပါတီ၏ ထိပ်တန်းတာဝန်ရှိသူ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂါနေ့ က ရန်ကုန်မြို့တွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲဝင်မည့် ပါတီဥက္ကဋ္ဌ အမျိုးသမီး ဆိုင်လင်းဝမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်ကောင်းများ တောင်းပေး ခဲ့သည်ဟု DPP ပါတီ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလောကတွင် ထိုင်ဝမ်အမျိုးသမီးများ၏ အကောင်းဆုံးစွမ်းဆောင်မှုကို မြင်ရသည့် အတွက် အလွန်ပင် ဝမ်းသာပျော်ရွှင်နေပြီး ဥက္ကဋ္ဌ ဆိုင်လင်းဝမ် နှင့် DPP အမျိုးသမီး နိုင်ငံရေးသမားများကို ဆုတောင်းမေတ္တာပို့ကာ အစွမ်းကုန် တိုက်တွန်း အားပေးခဲ့ သည်ဟု ပါတီ၏ ကြေညာချက်က ဆိုသည်။

DPP ပါတီ ဥက္ကဌ ဆိုင်လင်းဝမ် သည် ၂၀၁၂ ဇန်နဝါရီ ရွေးကောက်ပွဲများတွင် ထိုင်ဝမ်၏ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာရန်အတွက် ပြိုင်ဖက် လက်ရှိသမ္မတ မာရင်ကျိုးကို စိမ်ခေါ်နေခြင်း ဖြစ်သည်။

အခြားသော နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံကို ထိုင်ဝမ်ထက် ပို၍ တရားဝင် အသိအမှတ်ပြုထားသည်။ မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီး ရက်ပိုင်းအကြာတွင် နေအိမ် အကျယ်ချုပ်ကာလ သက်တမ်းစေ့ကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။


............................................................................................................