17 August 2011

ပဲခူးတွင် လူဦးရေ တစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရ

နှစ် ၅၀ အတွင်း စံချိန်တင် ရေကြီးမှုကြောင့် ပဲခူးမြို့တွင် လူဦးရေ ၁၄,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရကြောင်း ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ ပဲခူးမြို့ရှိ ရပ်ကွက်ကြီးများ ဖြစ်သော ကလျာဏီ၊ ဇိုင်ဂနိုင်း တောင်၊ မြောက်၊ ကျောက်ကြီးစု၊ နန်းတော်ရာသစ်၊ ကျွန်းသာယာ စသည့် ရပ်ကွက်များတွင် နေအိမ်များ ရေမြုပ်နေကြသည်။

ယင်းရပ်ကွက်များမှ အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်သည် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခေတ္တခိုလှုံနေရသည်။ “ကျွန်တော်တို့ ဒီကိုရောက်နေတာ သုံးရက်ရှိပြီ။ ဒီသာသနာ့ဗိမာန်မှာ နေရတာ အားလုံးအဆင်ပြေပါတယ်။ စားဖို့၊ သောက်ဖို့ကအစ ကျန်းမာရေး စောင့်ရှောက် မှုတွေ ရပါတယ်” ဟု ကျောက်ကြီးစု ရပ်ကွက်နေထိုင်သူ တစ်ဦးက ဆိုသည်။ ပဲခူးမြို့ပေါ်ရှိ ရေလွတ်ရာ နေရာများတွင် လက်ရှိအချိန်ထိ ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်လှစ်ထားကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပဲခူးမြို့သည် နှစ်စဉ် ရေကြီးမှုများနှင့် ကြုံတွေ့နေရသည့် မြို့ဖြစ်ပြီး ယခုနှစ် ရေကြီးမှုမှာ နှစ် ၅၀ အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ပဲခူးမြစ်၏ ရေပမာဏသည် စိုးရိမ်ရေမှတ်ထက် ၅၀ စင်တီမီတာ ကျော်လွန်ပြီး ၉၅၉ စင်တီမီတာထိ ရောက်ရှိခဲ့ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""