16 August 2011

ပထမဆုံး နိုင်ငံရေးခရီးစဉ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က စည်းလုံးမှု ရှိကြရန် တောင်းဆို




(Radio Netherlands မှ 14 Aug 2011 ရက်စွဲပါ “Aung San Suu Kyi calls for unity on first political trip” သတင်းအား Y C မှဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှ လွတ်မြာက်လာပြီးနောက်ပိုင်း သူမ နေထိုင်ရာ ရန်ကုန်မြို့တော် အပြင်ဖက်သို့ ပထမဆုံး ထွက်၍ စည်းရုံးသည့် ခရီးစဉ်တွင် ပရိသတ်ကို မိန့်ခွန်း ပြောကြားရာ၌ သူမ၏နိုင်ငံကို စည်းစည်းလုံးလုံး ရှိကြရန် တောင်းဆို လိုက်သည်။

မနှစ်က ကျင်းပသော အငြင်းပွားဖွယ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ရက်ပိုင်း အတွင်း လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်မြို့တော် မြောက်ဖက်မိုင် ၅၀ အကွာ ပဲခူးမြို့သို့ နိုင်ငံရေးစည်းရုံးသည့် ခရီး ထွက်ခွါခြင်းဖြင့် အစိုးရ၏ လုံခြုံရေးသတိပေးချက်ကို အာခံ လိုက်ပြီ ဖြစ်သည်။

ပဲခူး တစ်ဝိုက်မြို့များကို ခရီးလှည့်လည်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ကြသည့် ရာပေါင်းများစွာသော ပြည်သူများက “အမေစုကို ဒို့ချစ်သည်” ဟူသော နဖူးစည်းစာတမ်းများ ဝှေ့ယမ်း ကြွေးကြော်ကာ လမ်းများ တစ်လျှောက် တွင် နှုတ်ဆက်ရန် တန်းစီစောင့်ဆိုင်းနေကြခြင်းကြောင့် ရဲတပ်ဖွဲ့က လမ်းရှင်းရန် ကြိုးစားခဲ့သည်ကိုတွေ့မြင်ရသည်။

အသက် ၆၆ နှစ်အရွယ် “လေဒီ” သည် နေ့ခြင်းပြန်ခရီးစဉ်အတွင်း လူ ၆၀၀ ခန့် ပရိသတ်ကို မိန့်ခွန်းပြောကြားခဲ့သည့် သနပ်ပင် စာကြည့်တိုက် ဖွင့်ပွဲ မတိုင်မှီ ပဲခူးမြို့တွင်း ဘုရားတစ်ဆူကို ဝင်ရောက် ဖူးမျှော်ခဲ့သည်။

ယင်းသို့ မိန့်ခွန်းပြောကြားရာတွင် သူမက “ကျွန်မတို့အားလုံး အတူတကွ ဝိုင်းဝန်းလုပ်ဆောင်မှသာ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မှာပါ။ စည်းလုံးခြင်းဟာ ခွန်အားပဲ။ ဒါကြောင့် ဘယ်နေရာမှာမဆို စည်းလုံးမှုကို လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ ပိုပြီးတော့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လွန်ခဲ့သော အနှစ် ၂၀ က နိုင်ငံရေး လောကသို့ ဝင်ရောက်ချိန်မှစပြီး အမြဲတမ်း အကောင်းဆုံး ကြိုးစားခဲ့ကြောင်းနှင့် ဆက်လက်၍လည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရန်ကုန်မှ ပဲခူးသို့ မနက်စောစော ထွက်ခွါသွားသည့် မော်တော်ယာဉ်အစင်း ၃၀ ယာဉ်တန်းတွင် NLD ပါတီဝင်များ၊ သတင်းထောက်များနှင့် သံတမန်များလည်း ပါဝင်သည်ဟု သိရှိရသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က “သူမသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုအပေါ် အားပြု မှီခိုကာ ယခု ခရီးစဉ်ကို ခက်ခက်ခဲခဲ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအချက်မှာ ပဲခူးတွင် များစွာ သိသာထင်ရှားခဲ့ကြောင်း” AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။