24 July 2011

ရင်ငွေ့နွေး ကြပါစေ

ကျမတို့ ငယ်ဘ၀တလျောက်လုံးမှာရော၊ ကြီးပြင်းလာတဲ့ အချိန်မှာရော စာတော်တာဟာ ဂုဏ်ပုဒ်တခုလို့ ထင်နေခဲ့ပါ တယ်။ ဒါကြောင့်လည်း စာတော်ဖို့ကိုဇွတ်မှိတ် ကြိုးစားခဲ့ကြပါတယ်။ ကျမတို့ရဲ့ အဲဒီအတွေးတွေကို ကျမတို့ရဲ့ ရင်သွေး တွေထံ လက်ဆင့်ကမ်းဖို့ ကျမတို့ ထပ်ကြိုးစားကြပါတယ်။ ကျမကိုယ်တိုင် မြန်မာနိုင်ငံပြင်ပ ပညာရေးအကြောင်းကို သိရတော့မှ ရင်ထဲမှာ ကလေးတွေကိုပဲ သနားနေမိ ပါတော့တယ်။

ဇူလှိုင်လဆန်းပိုင်းတုန်းက ကျမကလေးတွေတက်တဲ့ ထိုင်းအစိုးရကျောင်းမှာ မိဘဆရာတွေ့ဆုံပွဲ ကျင်းပပါတယ်။ အ မှန်ကိုပြောရရင်တော့ အဲလို ဆွေးနွေးပွဲတွေ ကျမ မကြုံတွေ့ဖူးပါ။ ဒါကြောင့် ကျမလည်း ယောင်တောင်တောင်နဲ့ သွား လိုက်မိပါတယ်။ ဟိုရောက်တော့ ထိုင်းစကားတတ်တဲ့ ကောင်မလေးနားမှာ ထိုင်ပြီး ထိုင်းဆရာမတွေ ဘာပြောလဲ ဆို တာကို မေးရပါတယ်။ ကျမက ထိုင်းစကားမှ မတတ်တာ။ ဒီလိုနဲ့ ပထမဦးဆုံး ကျောင်းအုပ်ဆရာမကြီးက စကားပြောပါ တယ်။ ဆရာမကြီးပြောတဲ့ အထဲမှာ ကလေးတွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်အောင် သင်ကြားပေးဖို့၊ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ တခြားလူတွေကို ကူညီတတ်ဖို့ကို သူတို့လည်း သင်ကြားပေးသလို မိဘတွေအနေနဲ့ သင် ကြားပေးစေလိုတဲ့ အကြောင်းကိုပြောသွားပါတယ်။ ကလေးတွေကို စာတော်အောင်လုပ်ဖို့ ဘာတခွန်းမှ ပြောမသွားလို့ ကျမ အံသြနေမိပါတယ်။

ကျမတို့ငယ်ငယ်ကရော၊ ကျမကိုယ်တိုင် မိခင်ဘ၀ရောက်မှာရော မြန်မာပြည်မှာ မိဘနဲ့ ဆရာအခုလိုမျိုးဆွေးနွေးတာ မကြုံခဲ့ဘူးပါ။ မိဘနဲ့ ဆရာရဲ့ ဆက်သွယ်ရေးက ရီပို့ကဒ်လို့ခေါ်တဲ့ အောင်စာရင်း ရမှတ်တွေပေါ်မှာပဲ စကားပြောကြပါ တယ်။ ဆရာပေးလိုက်တဲ့ ရီပို့ကဒ်မှာ အဆင့်ကျရင် ရမှတ်တွေနည်းသွားရင် အိမ်က အမေနဲ့အဖေက ဆူပူလိုက်၊ အဆင့် တက်လာရင် အေး တော်လာပြီလို့ပြောလိုက်ပဲ ရှိပါတယ်။ အတန်းကြီးတချို့ဆိုရင် ရီပို့ကဒ်ကို အိမ်တောင်ပြန်ပြလေ့ မ ရှိပါဘူး။ မိဘလက်မှတ် အတုလုပ်ထိုးပြီး ပြန်အပ်လိုက်တာမျိုးတွေလည်း ရှိနေပါသေးတယ်။

နောက်ဆရာမတယောက်ကတော့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးပါတယ်။ သွားတွေကို ညဖက်မှာတိုက်ခိုင်းပြီးမှ အိပ်ယာထဲပေးဝင်ဖို့၊ တကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်တတ်အောင် သင်ပေးဖို့ တကယ်လို့ ကလေးနေမကာင်းရင် အိမ်မှာပဲ အနားယူစေဖို့ စတာတွေ ဟောပြောခဲ့ပါတယ်။

ကျမ ငယ်ငယ်က အထက (၂) လသာ မှာနေ ခဲ့တော့ ကျောင်းက လည်းကျောင်းကြီး ဖြစ်နေတော့ ကျောင်း ကျန်းမာရေး အတွက် ဆရာဝန်မတယောက်ကို ငှားပေးထား ခဲ့ဘူးပါတယ်။ တခြားကျောင်းလေးတွေမှာတော့ ကျန်းမာရေးနဲ့ ပတ်သက် တဲ့ စောင့်ရှောက်မှုတွေ မရှိခဲ့ပါ။ တခါတရံ မိုးရာသီရောက်ရင် အစိုးရထုတ်ပေးတဲ့ ခြင်ဆေးရည်ထဲ ရေများများရောပြီး ကျောင်းတွေမှာ လိုက်ဖြန်းလေ့ ရှိတာကလွဲရင်ပေါ့။ ရေများများရောရတဲ့ အကြောင်းကလည်း ဆေးတွေပိုလာရင် ရပ် ကွက်တွေထဲမှာ ပိုက်ဆံယူပြီး လိုက်ဖြန်းပေးတော့ အပိုဝင်ငွေရတာကိုး။ အပိုဝင်ငွေရဖို့ အတွက် ရေများများရော ပါတယ်။ ခြင်ကတော့ မသေပါဘူး။ ခြင်ဆေးများဖြန်းပြီးရင် နဂိုထက်အောင် ပိုကိုက်ပါလားလို့တောင်မှ စိတ်ထဲမှာထင်မိသေး။ မြန် မာပြည်မှာ ကျမသားလေး ကျောင်းစ တက်တော့ ကျောင်းမှာ ကျောင်းဆေး ခန်း၊ ဆေးပစ္စည်းဘာမှ မရှိပါဘူး။ တခါမှ လည်း ကျောင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြင်းအရာမပြောကြပါဘူး။ ကလေးတွေရဲ့ ကျန်းမာရေးဟာ မိဘတွေ နဲ့ပဲ သက်ဆိုင်တဲ့ အရာလို မျိုးဖြစ်နေပါတယ်။ ဆရာတွေက မိဘတွေကို ခြင်ဆေးခွေ ၀ယ်ခိုင်းပေမဲ့ ကျောင်းတွေမှာ ခြင် ကိုက်လို့ သွေးလွန်တုတ်ကွေး ဖြစ်ရတဲ့ ကျောင်းသားအရေအတွက်ကလည်း မနည်းလှပါဘူး။

နောက်ဆရာမတယောက်ကတော့ ကျောင်းသားတွေဖြစ်လေ့ရှိတဲ့ ပြဿနာတွေအကြောင်းကိုပြောရင်းနဲ့ မိဘတွေကို ကိုယ့်ကလေးတွေအကြောင်း သိချင်တာတွေမေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အိမ်စာတွေကို သူတို့အများကြီးပေးလေ့ မရှိပါဘူး။ ဟုတ်ပါတယ်။ ကျမ ကလေးတွေ အိမ်စာပါရင် တမျက်နှာပါပဲ။ ကျောင်းတွေ ရက်ဆက်ပိတ်တော့မှာ ၂ မျက် နှာဆိုတာ အသေအကြေပါပဲ။ ဒါပေမဲ့ ပေးတဲ့ အိမ်စာတွေကို လုပ်လာအောင်တော့ မိဘတွေက ကြပ်မတ်ပေးဖို့ ပြောပါ တယ်။ အိမ်စာပေးတယ်ဆိုတာက ကလေးတွေ တာဝန်ပေးလိုက်ရင် ကျေပွန်စွာ ဆောင်ရွက်တတ်လာအောင် လေ့ကျင့် ပေးတာလို့ ပြောပြပါတယ်။ ကလေးတွေအကြောင်းမေးဖို့ရာအဖြစ် တိုက်တွန်းတာ မဟုတ်ပါဘဲ တကယ့်ကို လေးလေး နက်နက်တိုက်တွန်းတာပါ။ သူတို့ကိုမေးပါ သူတို့လည်းပဲ ပြောပြချင်မှာပါ။ ဒါမှလည်း ကိုယ့်ကလေးကို ဘာတွေ ပြုပြင် သင့်တယ်ဆိုတာကို မိဘတွေသိမှာပါလို့ ထပ်လောင်းတိုက်တွန်းပါသေးတယ်။

မြန်မာပြည် ပညာရေးမှာ ဆရာတွေရဲ့ တာဝန်က ပညာသင်ပေးဖို့ တခုတည်းလိုမျိုး ဖြစ်နေပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ ကျမတို့ ငယ်စဉ်က ဆရာဆရာမတွေက စိတ်ဝင်စားခဲ့ပေမဲ့ ကျမသား လက်ထက်ရောက်တော့ ဘယ်ဆရာမှ စိတ်ဝင်စားတာမရှိပါ။ ဆရာမတွေပိုစိတ်ဝင်စားတဲ့အရာက သူ့ရဲ့ အချိန်ပိုကျူရှင်မှာတက်တဲ့ ကလေးတွေ ကို မျက်နှာသာပေးဖို့လောက်ပဲဖြစ်ပြီး၊ သူ့ရဲ့ အချိန်ပိုကျူရှင်ကို အကြောင်းအမျိုးမျိုးကြောင့် မတက်နိုင်တဲ့ ကလေးတွေ ကိုတော့ အပြစ်ရှာတဲ့ မျက်လုံးနဲ့ ကြည့်တတ်တဲ့ ဆရာတွေ ရာနှုန်းများလာတာကတော့ ၀မ်းနည်းစရာကောင်းနေပါတယ်။ ပြီးတော့ အိမ်စာပေးလိုက်ရင် အများကြီးပါပဲ ကျမသားလေးဆိုရင် ကျောင်းသွားတာရယ်၊ ကျောင်းကျူရှင်တက်တာရယ်၊ ပြန်လာရင် အိမ်စာရေးတာရယ် ပေါင်းလိုက်ရင် ကစားချိန်တောင်မရရှာပါဘူး။ သူငယ်တန်းကလေးတွေအတွက် ပေး လိုက်တဲ့ အိမ်စာက စာမျက်နှာ သုံး-လေး မျက်နှာလေ။

ဆရာမတွေပြောတဲ့ အစီအစဉ်နောက်ပိုင်းကျတော့ ကိုယ့်ကလေးတွေရဲ့ အတန်းပိုင် ဆရာတွေနဲ့ သွားတွေ့ရပါတယ်။ ကိုယ့်ကလေးရဲ့ အားနည်းချက်တွေကို ပြောပြပြီးတဲ့ နောက်မှာတော့ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးခဲ့ပါတယ်။ သမီးလေးအတန်းက ဆရာမတွေက ကလေးတွေကို မုန့်ဖိုးမပေးလိုက်ဖို့၊ တကယ်လို့ ပေးလိုက်တယ်ဆိုရင်တောင် ဆရာမတွေထံ အပ်ဖို့အတွက် မှာကြားပါတယ်။ အဓိက စိုးရိမ်တာက ကလေးတွေပိုက်ဆံကို ပါးစပ်ထဲ ထည့်လိုက်မှာ ကိုပါ။ ဒါကတော့ အတန်းငယ်လေးဖြစ်တဲ့ ကျမသမီးအတန်းက မှာကြားတာပါ။ သူတို့အတန်းကတော့ ကျောင်းပျော် သဘောမျိုးထားတဲ့ အတန်းဖြစ်ပါတယ်။ ထိုင်းမှာက သူငယ်တန်းကို ၃ နှစ်တက်ရတာကိုး။

ကျမသားအတန်းရောက်တော့ ဆရာနဲ့ ကျမ စကားပြောဖြစ်ပါတယ်။ကျမရဲ့ ကလေးက ထိုင်းစကား သိပ်နားမလည်လို့ သူ့မှာ အခက်အခဲ ရှိတယ်ဆိုတာ ဆရာကိုပြောပြတော့ ဆရာက ဘာတွေလုပ်ပေးသင့်တယ်ဆိုတာကို ပြောပြပေးခဲ့ပါ တယ်။ ကျမတို့က အရိုးထဲစွဲနေတဲ့ စာတော်လားဆိုပြီးမေးတာကိုတော့ ဆရာပြန်ဖြေခဲ့တာက စာတော်ဖို့ထက် ပိုအရေး ကြီးတဲ့ကိစ္စက ကလေးဟာ သူများကို ကိုယ်ချင်းစာတတ်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ်အားကိုးလာအောင်လုပ်ပေးဖို့၊ အများ ကို ကူညီတတ်တဲ့ လူတယောက်ဖြစ်အောင်ပျိုးထောင်ဖို့ ကြိုးစားပေးပါလို့ ဆိုပါတယ်။ ဆရာက ဆက်ပြီးတော့ ကလေး က အိမ်စာကို သေချာလုပ်လာတဲ့အတွက် မိဘကို ကျေးဇူးတင်ပါတယ်လို့ ပြောပါသေးတယ်။ ကျမအတွက် နားထဲမှာ စိမ်းနေတဲ့ စကားတခွန်းကို ကြားလိုက်ရတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ အိမ်စာလုပ်လာတဲ့ ကလေး တွေရဲ့ မိဘတွေကို ကျေးဇူးတင်တယ်လို့ ဘယ်တုန်းကမှ ပြောသံမကြားဖူးတာပါပဲ။

ကျောင်းက ပြန်လာတော့ ကျမမှာ တွေးစရာတွေတပုံကြီးပါလာပါတယ်။ ကျမတို့တွေက စာတော်ဖို့တခုတည်းကိုပဲ သင် ကြားပေးကြပါတယ်။ စာတော်နေပြီဆိုရင် အဲဒီကလေး ဘယ်လောက် တကိုယ်ကောင်းဆန်ဆန် မိဘတွေရော ဆရာ တွေပါ အားလုံးခွင့်လွှတ်ကြပါတယ်။ အဲဒီလိုစာတော်လာအောင်လို့ မိဘတွေက ကလေးကို နည်းမျိုးစုံသုံးပြီး ကြိုးစားနေ ကြပါတယ်။ ကျမတို့ နိုင်ငံရဲ့ စာတော်ခြင်းဆိုတာဟာလည်း ၁၀ တန်းဆိုတဲ့ တောင်ကိုကျော်ပြီးနောက်မှာ အသက်မွေး ၀မ်းကြောင်းမှု လိုင်းတခုခုကို ၀င်ခွင့်ရဖို့အတွက် ပါပဲ။ အဲဒီ့နောက်မှာတော့ ၀ါသနာကိုအခြေမခံတဲ့ ဆရာဝန်တွေ၊ အင် ဂျင်နီယာဘာသာရပ်ကို စိတ်မ၀င်စားတဲ့ အင်ဂျင်နီယာတွေ မှိုလိုပေါက်လာပါတော့တယ်။

ထိုင်းကျောင်းတွေမှာ ဆုရတဲ့ကျောင်းသားဆိုတာက ပညာတခုတည်းတော်တဲ့ လူမဟုတ်ပါဘူး။ စာလည်း လိုက်နိုင်ရ မယ်။ သူများကိုလည်းကူညီတတ်ရမယ်။ ကျောင်းမှာလည်း အသင်းအဖွဲ့နဲ့လုပ်တဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားရမယ်။ ဥပမာ ပန်းချီလိုဟာမျိုး၊ ကျောင်းကပွဲတွေမှာ ပါဝင်ကပြတာမျိုးတွေ ပါဝင်ပါတယ်။

ကျမတို့ မြန်မာပြည်မှာက အမှတ်အများဆုံးလူက အဆင့် ၁ ရတယ်ဆိုတော့ တတန်းလုံးမှာ အဆင့်တစ်ရဖို့ကိုပဲ စိတ်ဝင် စားကြပါတယ်။ အဆင့်တစ်ဆိုတာက ဘယ်သူမှ ပြောဖို့မလိုဘူး။ ဒီအတန်းမှာ သူအတော်ဆုံးလေ။ အဲဒီစနစ်ရဲ့ အန္တ ရာယ်ကြီးပုံကို ကျမတွေ့ခဲ့ဘူးပါတယ်။ ကျမ ၇ တန်းတုန်းကပါ။ ကျမက အတန်းထဲမှာ သိပ်အတော်ကြီးမဟုတ်သလို သိပ်အညံ့ကြီးလည်း မဟုတ်ပါဘူး။ ကျမနဲ့ တွဲတဲ့ “ကြွေကြွေ” ဆိုတဲ့ တရုတ်မလေးနဲ့ “စန်းစန်းမော်” ဆိုတဲ့ တရုတ် မလေးက အဆင့် ၁ ကို လုနေရတာပါ။ အတန်းတင်စာမေးပွဲကြီးနီးလာတော့ စန်းစန်းမော် တော်တော်နေမကောင်း ဖြစ် လိုက်ပါတယ်။ ၂ ပတ်လောက် ကျောင်းမတက်လိုက်ရပါဘူး။ အဲဒီအချိန်ကလည်း ပြန်လှန်လေ့ကျင့်ခဏ်းတွေ လုပ်နေတဲ့ အချိန်ပါ။ စန်းစန်းမော် သူ့ကိုယ်သူ အဆင့်တစ် မရမှာကို ထိတ်လန့်လာပုံရပါတယ်။ လုပ်မိလုပ်ရာလုပ်ပါတော့တယ်။ သူ့ရဲ့ ပြိုင်ဘက် ကြွေကြွေ ရဲ့ စာအုပ်ကို မုန့်စားဆင်းချိန်မှာ ၀ှက်ထားလိုက်ပါတယ်။ ကြွေကြွေ လည်း စာအုပ်ပျောက် တယ်ဆိုတော့ ခေါင်းမီးတောက်တာပေါ့။ အတန်းပိုင်ဆရာမက အတန်းသားအားလုံးရဲ့ လွယ်အိတ်တွေကို မွှေနှောက်ပြီး လိုက်ရှာပါတယ်။ မတွေ့ပါဘူး။ ဒါကြောင့် ညနေကျောင်းဆင်းချိန်ရောက်တော့ ဆရာမက စန်းစန်းမော် တယောက်ထဲကို ပဲခေါ်ပြီး စကားပြောပါတယ်။ အဲဒီနောက်တော့ ကြွေကြွေ ရဲ့ စာအုပ်လည်းပြန်တွေ့ခဲ့ပေမဲ့ စာမေးပွဲကြီးနီးမှ စန်းစန်းမော် ကျောင်းလာမတက်တော့သလို၊ စာမေးပွဲလဲ လာမဖြေတော့ပါဘူး။ တကယ်တော့ အဲဒီအဖြစ်အပျက်မှာ အကြောင်းအရာ များစွာ ပါဝင်နေပါတယ်။

ထိုင်းကျောင်းတွေမှာ စာတွေအများကြီး သင်လေ့မရှိပါဘူး။ အိမ်စာဆိုရင်လည်း နဲနဲပါးပါးပဲပါပါတယ်။ ကလေးတွေအ တွက် ကစားချိန်၊ အစုလိုက်သန့်ရှင်းရေးလုပ်ရတာမျိုးတွေ၊ အတန်းကြီးလာရင် အစားအသောက်လုပ်နည်းတွေ၊ ပန်းချီ သင်တန်းတွေ စတာတွေလုပ်ပါတယ်။ မြန်မာပြည်က လာခါစ ကျမအတွက်တော့ သိပ်ဘ၀င်မကျလှပါဘူး။ ဘာလို့ စာ မသင်ရတာလဲ။ ကျမတို့ မြန်မာပြည်မှာက ဒီအတန်းဆိုရင် စာတွေအများကြီး သင်နေပြီမဟုတ်ပါလား။ တချို့မိဘတွေ ဆိုရင် မြန်မာကျောင်းတွေ ကနေပြောင်းပြီး ထိုင်းကျောင်းထားလိုက်၊ ထိုင်းကျောင်းမှာ စာသင်တာနည်းလို့ ဆိုပြီး မြန်မာကျောင်းပြန်ပြောင်း လိုက်နဲ့ ဗျာများနေတာလည်းတွေ့မိပါတယ်။ သေသေချာချာ လေ့လာကြည်တဲ့ အချိန်မှာ အမေရိကန်၊ နော်ဝေး စတဲ့ နိုင်ငံတွေမှာလည်း Grade 5 လောက်အထိက ဘာမှထူးထူးခြားခြား စာမသင်ပါဘူးတဲ့။ ဖွံ့ဖြိုး တိုးတက်မှုနှေးနေတဲ့ ကျမတို့ရဲ့ ပညာရေးစနစ်ကို ပြင်သင့်နေပါပြီ။ ပညာရဲ့အဓိပ္ပါယ် ကို ပြဋ္ဌာန်းစာအုပ် ပါစာများကို အ လွတ်ရွတ်ဆိုခြင်းလို့ မှားယွင်းစွာဘာသာပြန်မိနေကြတဲ့ လူမျိုးတွေ အဖြစ် နှစ်ပေါင်း ၅၀ လောက် နောက်ကျ ကျန်နေခဲ့ရ တာ ၀မ်းနည်းဖို့ကောင်းပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေထဲမှာ အရွယ်နဲ့ မလိုက်တဲ့ စာတွေကို သင်ယူရင်းနဲ့ မြန်မာကလေး ငယ်တွေ ပြင်ပဗဟုသုတနဲ့ တဖြေးဖြေးဝေးနေပါတယ်။

ပညာသင်ယူတယ်ဆိုတဲ့ အထဲမှာ ပြဋ္ဌာန်းစာအုပ်ပါစာတွေကို ၏သည်မှမရွေး အလွတ်ရွတ်နိုင်ရမယ်ဆိုတဲ့ မူဝါဒကို အစိုး ရများက တမင်တကာ ရွေးချယ်တယ်လို့ ကျမ ခံစားမိပါတယ်။ ထိုင်းရဲ့ ပညာရေးစနစ်ကို ပြီးပြည့်စုံအောင် ကောင်းတယ် လို့ ကျမ မဆိုလိုပါ။ ဒါပေမဲ့ အိမ်နီးခြင်း နိုင်ငံတခုဖြစ်တဲ့ ကျမတို့ မြန်မာနိုင်ငံနဲ့ ဘာကြောင့်များ ဒီလောက်ကွာခြားသွား သလဲ နိုင်းယှဉ်ပြခြင်းသာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံ မှာတော့ နိုင်ငံတကာ အဆင့်မီ ပညာရေးကို သင်ကြားပေးနေတဲ့ ILBC, YIEC စတဲ့ ကျောင်းမျိုးတွေကို စိတ်ကြိုက်ရွေးထားနိုင်ပါတယ်။ သို့သော် အဲဒီကျောင်းတွေကိုပေးရတဲ့ ငွေကြေး၊ ကုန်ကျစရိတ်ဆိုတာကို သာမာန်လူလတ်တန်းစားတွေတောင် မခံနိုင်ပါ။ ဒါကြောင့် မြန်မာပြည်ရဲ့ ပညာရေး ဟာ ခေတ် နောက် ကျနေမှန်း မသိလို့ မဟုတ်ပေမဲ့ မိဘတွေအတွက် ရွေးချယ်ခွင့် မရှိပါ။

အဲဒီလောက်ဆိုးဝါးနေတဲ့ ပညာရေးစနစ်မှာတောင် ကျောင်းမတက်နိုင်သူ ကလေးတွေရှိနေတဲ့အတွက် ဘုန်းတော်ကြီး ပညာသင်ကျောင်းလိုကျောင်းတွေ၊ အမေ့အိမ် ပညာဒါနကျောင်းတွေ ပေါ်ပေါက်လာ ရခြင်းပဲဖြစ်ပါတယ်။ ဒီလိုကျောင်း လေးတွေ ရှိနေလို့လဲ ပညာသင်ယူခွင့်ရတဲ့ ကလေးတွေ တိုးပွားလာခဲ့တာဖြစ်လို့ အဲဒီကျောင်းတွေကို ထူထောင်သူတွေ နဲ့ ပံပိုးပေးနေသူတွေကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ်။ ပြီးပြည့်စုံတဲ့ နေရာတွေမှာ ထင်ပေါ်အောင်လှူဒါန်းကြတာ မဟုတ်ဘဲ လိုအပ်နေတဲ့ နေရာတွေအတွက် ကွက်လပ်ဖြည့်တာဖြစ်လို့ ၀မ်းမြောက်မိပါတယ်။ ထိုင်းမှာ ရွှေ့ပြောင်း က လေးငယ်အချို့အတွက်ကလွဲရင် နိုင်ငံသားတွေအတွက်ဖွင့်ရတဲ့ ပညာဒါနကျောင်းဆိုတာ မကြားဖူး၊ မမြင်ဖူးပါ။ ထိုင်းအ စိုးရအနေနဲ့ ဘယ်လိုကျောင်းသားမျိုးကိုမဆို ကျောင်းဖွင့်စဉ် ၀တ်စုံဖိုး ထုတ်ပေး တာတွေ၊ ကျောင်းတွေမှာ စာအုပ်စာ တန်း အလကားပေးတာတွေ၊ မနက်စာကို အဟာရ ပြည့် မီအောင် ကျွေးမွေးတာတွေကို ကျမကိုယ်တိုင် သိခွင့်ရခဲ့ပါ တယ်။

ထိုင်းကျောင်းတွေမှာ သူတို့ အတိအကျသတ်မှတ်ထားတဲ့ ၀တ်စုံတွေကို သေချာဝတ်ဆင်ရပါတယ်။ အားကစားဝတ်စုံ ၀တ်ရတဲ့နေ့မှာ ကလေးတွေ အားကစားလုပ်ရပါတယ်။ ကင်းထောက်လူငယ် ပုံမျိုးဝတ်ရတဲ့နေ့မှာတော့ သူတို့ စစ်ရေးပြ လုပ်ကြရပါတယ်။ သောကြာနေ့တိုင်း ရိုးရာအ၀တ်အစားကို ၀တ်ဆင်ရပါတယ်။ သူတို့တွေက ကလေးတွေကို အဓိက သင်ကြားပေးတာက စည်းကမ်းဥပဒေကို လိုက်နာတတ်ဖို့ ပါပဲ။

ကျမတို့ မြန်မာပြည်ရဲ့ ပညာရေးစနစ်က အကြောက်တရားနဲ့ စတင်ပါတယ်။ ကျမတို့ငယ်စဉ်က ဆရာတွေကို ချစ် ကြောက်ရိုသေရမယ်ဆိုပြီး ဆုံးမလာခဲ့ကြပါတယ်။ သေချာ စဉ်းစားကြည့်တဲ့ အခါမှာ အပြစ်မရှိတဲ့ လူတယောက်အ တွက် ကြောက်ဖို့ မလိုဘူးလို့ပဲ ထင်မိပါတယ်။ အပြစ်ရှိတဲ့ အခါကျမှ ကြောက်သင့်တာ မဟုတ်ဘူးလား။ ကျမတို့ ငယ်စဉ် က ဆရာ၊ ဆရာမတွေကို ချစ်ကြပါတယ်။ ရိုသေကြပါတယ်။ ကျမ ၉ တန်းမှာ အထက သုဝဏ္ဏကျောင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။ အဲဒီကျောင်းက မိန်းကလေး၊ ယောက်ျားလေးရော ထားတဲ့ ကျောင်းပါ။ ၉ တန်း၊ ၁၀ တန်းတွေဆိုတော့ အ တန်းကြီးလာပြီ၊ ဟိုဟာ ဒီဟာ လက်တည့် စမ်းချင်ကြပြီပေါ့လေ။ ဒါကြောင့် အတန်းထဲက ခပ်ပေပေကောင်လေးတွေ အတန်းထဲဝင်လာရင် မာလကာရွက်တွေကို ၀ါးလာကြပါတယ်။ ပထမတော့ ကျမက သူတို့ ဘာဖြစ်လို့ ၀ါးတယ်ဆိုတာ နားမလည်ခဲ့ပါဘူး။ နောက်မှ သိလာတာက ဆေးလိပ်သောက်ပြီးရင် ဆရာတွေ၊ ဆရာမတွေ ဆေးလိပ်နံ ရသွားမှာ စိုး ရိမ်လို့တဲ့။ ကျမတို့ခေတ်က ဆရာ၊ဆရာမ တွေအပေါ် အဲဒီလောက်ရိုကျိုးကြရပါတယ်။ သားတို့ ခေတ် ကိုရောက်တော့ ဆရာ၊ ဆရာမဆိုတာ ချစ်ဖို့၊ ရိုသေဖို့ မဟုတ်တော့ပဲ အားမတန်သေးချိန် ကလေးငယ်လေးဘ၀မှ ဆရာမရိုက်မှာ ကြောက်တယ်။ အတန်းလေးရလာတော့ စာမေးပွဲကျမှာ ကြောက်တယ်။ အကြောက်တရားကြောင့်လည်း တတ်နိုင်သ လောက် ဆရာ၊ ဆရာမတွေအပေါ်မှာ ငွေပေးပြီးဆက်ဆံ လာကြပါတော့တယ်။ ငွေပေးနိုင်တဲ့ ကလေးတွေအတွက်က တော့ ဆရာကို လမ်းမှာတွေ့ရင် သူငယ်ချင်းများ နှုတ်ဆက်နည်းနဲ့ နှုတ်ဆက်တတ်လေတော့ ဘေးက မြင်ရသူအပေါင်း စိတ်မချမ်းမြေ့ကြပါ။ ဒီလိုကလေးတွေ အသက်ကြီးလာတော့ အမှန်တရားကိုပါ ကြောက်လာပါတော့တယ်။ လူကြီးဖြစ် လာချိန်မှာ အရာရာကို ကြောက်ရွံလာပါတော့တယ်။ အကြောက်တရားရဲ့ အန္တရာယ်ကြီးပုံကို သိမြင်နေကြတဲ့ ပြည်သူ တွေဟာ တူရာတူရာ အုပ်စုဖွဲ့ပြီး တွန်းလှန်နေကြဆဲ။

အခုလ ၂၀ ရက်နေ့မှာ ထိုင်းပညာရေးကော်မတီက မိဘတွေကို ကလေးပြုစုပျိုးထောင်နည်း သင်တန်းပေးပါတယ်။ ဒါ ကြောင့် ဆရာ၊ ဆရာမတွေအပြင် ကျောင်းသားမိဘတွေကိုပါ တတ်ရောက် သင်ယူခိုင်းပါတယ်။ သင်တန်းမှာ လာသင်ပြ တဲ့ သင်တန်းပေးသူတွေက အရင်ဦးဆုံး ကလေးတွေရဲ့ သဘောသဘာဝ ကိုရှင်းပြပါတယ်။ ကလေးဆိုတာက တခု တည်းကို အာရုံစိုက်ဖို့ ခက်ခဲတဲ့အကြောင်း၊ ဒါကြောင့် ကလေးအာရုံမစိုက်နိုင်တော့ဘူးဆိုရင် ကလေးကို စာတွေအတင်း လုပ်ခိုင်းမနေဘဲ၊ ကလေးနဲ့ အရုပ်ကလေးတွေလုပ်တာမျိုး၊ ပုံပြင်ပြောတာမျိုးတွေ လုပ်ပေးစေချင်တဲ့ အကြောင်း။ က လေးကို သိပ်ဆူသိပ်ရိုက်တာဟာ ကလေးကို ပိုဆိုးစေတာပဲ ရှိပြီး မလိမ်မာလာဘူးလို့ အတိအလင်းပြောပါတယ်။ က လေးတယောက်ကို သူနိုင်တဲ့ မိသားစု တာဝန်ခွဲဝေပေးတာမျိုးဟာ တာဝန်သိစိတ်ကို မွေးမြူပေးတာပဲ ဖြစ်လို့ မိသားစု အနေနဲ့ ခွဲဝေပေးရမယ်ဆိုတဲ့ အကြောင်း။ နောက်ဆုံးအချက်ကတော့ နိုင်ငံသားတိုင်းဟာ ဥပဒေကိုလေးစားလိုက်နာရ တဲ့အတွက် အခုငယ်စဉ်မှာကတည်းက ကျောင်းစည်းကမ်း၊ အိမ်စည်းကမ်းကို လေးစားလိုက်နာတတ်အောင် သင်ကြား ပေးဖို့ပါမကျန် မှာကြားခဲ့ပါတယ်။

ဒါတွေက ကျမတို့ နိုင်ငံမှာရော မရှိဘူးလားလို့ စာဖတ်သူတွေက မေးချင်ပါလိမ့်မယ်။ ရှိပါသည်၊ သို့သော် လိုက်နာချင်မှ လိုက်နာပါသည် ဆိုလျှင် သင်မအံသြပါနှင့်။ နေရာဌာနတိုင်း ဘယ်တော့မှ စည်းကမ်းလိုက်နာလေ့မရှိပါ။ ကျောင်းတွေမှာ လည်းမရှိပါ။ ဆရာမများကိုယ်တိုင်က သူ့ရဲ့ ကျောင်းမှာဖွင့်တဲ့ ကျူရှင်မှာတက်တဲ့ ကလေးဆိုရင် ဘာလုပ်လုပ်ခွင့်ပြုပေး တာမျိုး၊ သူ့ရဲ့ ကျူရှင်မတက်ခဲ့ရင် အပြစ်ရှာရိုက်နှက်တာမျိုးကို ခံစားခဲ့ဖူးတဲ့ ကလေးတယောက်ဟာ နိုင်ငံသားကောင်း ဖြစ်လာနိုင်ပါ့မလား။ သူကြီးပြင်းလာရင်ရော အဲဒီကလေးဟာ တခြားလူတွေအပေါ် စာနာနားလည်နိုင်ပါ့မလား။ ကလေး ဆိုတဲ့ ဖယောင်းခဲကို ပုံသွင်းနေသူ ဆရာ၊ ဆရာမများကိုယ်တိုင် သတိထားသင့်ပါသလို၊ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် အကြောက်တရားမှ လွတ်မြောက်နိုင်မှ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း လွတ်မြောက်နိုင်မှာပါ။

ခင်ငြိမ်းသစ်