27 July 2011

အလုပ်ပျက်သွားသော ကေတီဗီနှင့် မာဆက်မယ်များ လူမှောင်ခိုဂိုဏ်းတို့၏ ပစ်မှတ်သစ် ဖြစ်လာနိုင်

လူမှောင်ခို ဂိုဏ်းတို့၏ ပစ်မှတ်သစ်မှာ ကေတီဗီနှင့်မာဆက်တို့မှ အမျိုးသမီးများဖြစ်သည်ဟု ယူဆမိကြောင်း စမ်းချောင်းမြို့နယ်မှ ကုန်သည်တစ်ဦးက သတိပေး ပြောကြားလိုက်သည်။ ကေတီဗီနှင့် မာဆက်ခန်းများသည် ရန်ကုန်မြို့အနှံ့ များစွာတည်ရှိခဲ့ပြီး ဇူလိုင်လဆန်းဝန်းကျင်မှ စတင်ကာပိတ်သိမ်းခံရသည့်အတွက် ယင်းနေရာများမှ အမျိုးသမီးအများစုမှာ အလုပ်လက်မဲ့ဖြစ်သွားကြကာ မည်သို့မည်ပုံ ဆက်လက် စခန်း သွားကြ မည် ကို စောင့်ကြည့် တွေဝေနေကြဆဲဖြစ်သည်ဟု သိရ သည်။

”ကျွန်တော်က မာဆက်ပုံမှန် သွားဖြစ်တယ်။ မာဆက်က ကောင်မလေးတစ်ယောက်နဲ့လည်း အမျိုးသမီးမိတ်ဆွေပေါ့ဗျာ။ အဲဒီမှာ ဇူလိုင် တတိယပတ်လောက် မှာ သူ့သူငယ်ချင်းကို တခြားမာဆက်က တစ်ယောက်ကလာချိတ်တယ်။ တရုတ်နယ်စပ်မှာ မာဆက်လုပ်ရမယ်။ တစ်လ ၅ သိန်းလောက်ရမယ်။ စရိတ်ငြိမ်း ပို့ပေးမယ့် ပုံစံပြောတယ်။ ဘယ်သူပို့ပေးမှာလဲလို့ စုံစမ်းတော့ ရေရေရာရာမရှိဘူး။ ကျွန်တော် က ရောင်းစားခံရဖို့များတယ်ပြောပြီး တားလိုက်တယ်” ဟု ၄င်းက ပြောသည်။

ကေတီဗီနှင့် မာဆက်မှ အမျိုးသမီးအများစုမှာ ပညာရေးအသိအားနည်းကြပြီး လုပ်ငန်းခွင်ထဲတွင် ရှိနေသည့်အချိန်မှာများလှသဖြင့် ပြင်ပဗဟုသုတနှင့် သတင်း အချက်အလက် ရရှိမှုလည်း ချို့တဲ့ကြသူ များဖြစ်သည်ဟု သိရသည်။ ”ကျွန်တော်သိသလောက် မာဆက်တို့၊ ကေတီဗီတို့ တစ်ခုစီမှာ အမျိုးသမီး ၃ဝ ဝန်းကျင်လောက်ရှိ တယ်။ ရန်ကုန်မှာ စုစုပေါင်းလိုက်ရင် သုံးသောင်းနဲ့လေးသောင်းထက်တောင် များမယ်ထင် တယ်” ဟု မာဆက်(သို့) ကေတီဗီသို့ အပတ်စဉ်သွားရောက်ခဲ့သူ မင်္ဂလာ တောင်ညွန့် တွင် နေထိုင်သော အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

ထိုမျှရှိသော အမျိုးသမီးများအား လူကုန်ကူးမည့်သူများ မျက်စိကျဖွယ်ရာဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ် လက်မဲ့ဖြစ်နေခြင်း၊ အနာဂတ်အတွက် တွေဝေနေခြင်း၊ အတန်း ပညာချို့တဲ့မှုနှင့် ပင်ပင်ပန်းပန်း အလုပ်မ လုပ်လိုခြင်းတို့သည် ပို၍ မျက်စိကျဖွယ်ရာဖြစ်ကြောင်း ဝါရင့် ရှေ့နေတစ်ဦးက သုံးသပ်သည်။”အလုပ်လုပ် ရတဲ့ ပုံစံတစ်ခုတည်းပဲ ကြည့်ပြောမယ်ဆိုရင် ဘာမှ ထိထိရောက်ရောက် မပင်ပန်းဘဲ တစ်လကို စားပြီးသောက်ပြီး တစ်သိန်းကျော်ဝင်တဲ့အလုပ်ကိုး။ အဲဒီလိုဆိုတော့ ပင်ပန်းပြီး လစာမကောင်းတဲ့အလုပ်မျိုး သူတို့ ဘယ်လုပ် ချင်တော့ မလဲ။ ပြီးတော့လုပ်ငန်းသဘာဝက သူတို့ကို အကြောက်အရွံ့မရှိအောင် သင်ပေးခဲ့ပြီးပြီ။ ဒါ ဟာ လူကုန် ကူး ခံရနိုင်တဲ့ သူတို့ရဲ့ အားနည်းချက်ပဲ” ဟု ၄င်းက ထပ်လောင်းပြောသည်။မာဆက်မှ အမျိုးသမီး အချို့မှာ ကေတီဗီသို့ ခေတ္တပြန်သွားကြပြီး အချို့မှာမူ ပိုင်ရှင်က နေစရာဆက်ပေးထားသဖြင့် ရန်ကုန်တွင် ပင် နေထိုင်လျက်ရှိသည်ဟု စမ်းချောင်းမှ ကုန်သည်က ပြောသည်။

”သူတို့တစ်တွေရဲ့ ထက်ဝက်ကျော်လောက်က နယ်ကတက်လာကြတာ။ ရန်ကုန်မှာ လစာနည်းတဲ့ ဝန်ထမ်းဘဝနဲ့ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့တာ။ အဲဒီကနေမှ မာဆက် တို့ ကေတီဗီတို့ဆီ သူ့အချိတ်အဆက်နဲ့ သူ ရောက်လာကြတာ” ဟု လှိုင် မြို့နယ် ၂ ရပ်ကွက်မှ မာဆက်ပုံ မှန်သွားခဲ့သူ တစ်ဦးက ပြော သည်။အနှိပ်သီးသန့်နေရာများမှ အမျိုးသမီးများမှာ တစ်လတွင် တစ်ရက်သာ ပြင်ပထွက်ခွင့်ရှိပြီး အလုပ်နေရာ၌ လာရောက်နှိပ်သူများနှင့် အဆုံးစွန်ရှုပ်ထွေးခွင့်မရှိသဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်သူ များမှာ ပျက်စီးမှုမျိုးမရှိကြကြောင်း၊ ၄င်းတို့ အားလုံးလိုလိုမှာ ဇာတိသို့ ဇွဲသန်သန်ဖြင့် ရသမျှငွေ ပြန်ပို့ကြကြောင်း ၄င်းကပြောသည်။”

ကျွန်မတို့ အထည်ချုပ်လော ကမှာ သူ့အဆက်နဲ့သူ အနှိပ်ခန်းမှာလုပ်ဖို့တို့၊ နယ်စပ်သွားဖို့တို့ လာဆွယ်တာ ရှိခဲ့တယ်။ တချို့ကျတော့လည်း အနှိပ်ခန်းရောက် သွားတဲ့သူငယ်ချင်း က တောက်တောက် ပြောင် ပြောင် နဲ့ လာလည်တော့ အားကျပြီးပါသွားတယ်။ အဓိကကတော့ လစာနည်းတယ်၊ ပင်ပန်းတယ်၊ အဲဒါကြောင့်”ဟု အထည်ချုပ်စက်ရုံတွင် ကြီးကြပ်ရေးမှူးအဖြစ် ၁ဝ နှစ်ခန့် လုပ်ခဲ့ဖူးသူ အမျိုးသမီးတစ်ဦးက ပြောသည်။ မာဆက်နှင့် ကေတီဗီမှ အမျိုးသမီးများမှာ အလုပ်မရှိတော့လျှင်လည်း ပင်ပန်းပြီး ဝင်ငွေနည်းသော ယခင်အလုပ် ဆီ ပြန်သွားကြမည့် ရာခိုင်နှုန်းလွန်စွာနည်းသည်ဟု စမ်းချောင်းမှ ကုန်သည်က ပြော သည့်သတင်းအား popularmyanmar. ဂျာနယ်တွင် ဖော်ပြထားပါသည်.။