25 July 2011

မြို့တော် သာယာလှပစေရေးကြောင့် ပြည်သူအများ ဒုက္ခရောက်

ရန်ကုန်မြို့တော်ဝန် သံအမတ်ဟောင်း ဦးလှမြင့်၏ မြို့တော်သာယာလှပစေရေး လုပ်ဆောင်ချက် များကြောင့် ပြည်သူ အများ ဒုက္ခရောက်နေရ ကြောင်း စုံစမ်းသိရှိရသည်။

မြို့တော်ဝန်အဖြစ် တာဝန်စတင်ယူပြီးချိန်မှ စတင်ကာ လုပ်ဆောင်ခဲ့သည်ကိစ္စရပ်များတွင် အကျင့်ပျက် စည်ပင်ဝန်ထမ်းများကို အရေးယူမှုသည် သာ ပြည်သူကို ထိခိုက်ခြင်းမရှိဘဲ ကျန်ကိစ္စရပ်များတွင် သက်ဆိုင်သူ ပြည်သူများ၏ ဘဝရပ်တည်ရေးကို ဆိုးရွားစွာ ထိခိုက်နေကြောင်း သိရသည်။

“ဘယ်လောက်တောင် လည်း ဆိုရင်ပြည်သူကို တစ်ပတ်လောက် ဒုက္ခပေးပြီးမြို့တော်ခန်းမ ကို ဆေးပြန်သုတ် လိုက်သေး တယ်”ဟု မြို့တော် ခန်းမ အနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ပလက်ဖောင်းပေါ်မှ လမ်းဘေးဈေးသည်များအား ဝန်ထမ်းအင်အား များစွာသုံး၍ ဖယ်ရှားလိုက်သော်လည်း ယင်း ဈေးသည်များ ဈေးပြန်လည် ရောင်းချနိုင်ရန် စီစဉ်ပေးသော နေရာသည် အဆင်မပြေမှုများစွာ ရှိသည့်အတွက် ယခင်နေရာဟောင်းတွင်ပင် ညနေ ၆ နာရီမှ ညနေ ၉ နာရီအတွင်း ဈေး ပြန် လည်ရောင်းချနေရသည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့တွင်းမြို့နယ်များသို့ နေ့စဉ်ပုံမှန် လာရောက် ကာ ဈေးရောင်းချနေသော ဈေးသည် များသည် ဈေးရောင်းချချိန် ၃ နာရီသာ ရရှိသဖြင့် အဆင်မပြေမှုများ များစွာဖြစ်နေကြောင်း သိရသည်။

“ဆိုင်ခင်းတာက ၁ နာရီ ဆိုရင်ကျန်တဲ့ ၂ နာရီမှာ ဘာမှလုပ်လို့ မရတော့ဘူး။ မိုးတွင်းဆိုတော့ ပိုအရောင်းပါး တယ်။ ဒီဖရေဇာ တစ်လျှောက်လုံးက ဆိုင်တွေအကုန်လုံး ဒီလတွေမှာ အရောင်းပါးကျတယ်။ တစ်ချို့ဆို ကျောင်းအပ် ချိန်မှာ ဈေးရောင်းမကောင်းလို့ မတ်တိုးတွေယူပြီး ကျောင်းအပ်ရတာတွေ ရှိတယ်”ဟု ဘားလမ်းမှတ်တိုင်တွင် ဦးထုပ်ရောင်းသူ ကိုမောင်မောင်က ဆိုသည်။

မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းကလည်း “အဘတာဝန်ယူစဉ်အခါမှာ လမ်းဘေးဈေး သည်တွေကို ပြေ လည်အောင်ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းမရှိလို့ ဒီအတိုင်းကြည့်နေခဲ့တယ်။ ကိုလှမြင့်လက်ထက်ကျတော့ သူ့မှာ ဘာနည်းလမ်းရှိလဲ မသိဘူး။ လုပ်တော့လုပ်လိုက်တယ်”ဟု လမ်းဘေး ဈေးသည် ကိစ္စရပ်နှင့် ပတ်သက်၍ဆိုသည်။

၎င်းတာဝန်ယူစဉ်က ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ကရစ်လမ်းပေါင်း ၂၁၇၆ လမ်းခင်းကျင်းပေးခဲ့သော်လည်း မြို့တော်ဝန်အသစ် လက်ထက် တွင်မူ လမ်းခင်းပေးနိုင်မှု ပမာဏ တိုးလာသည်ကို မတွေ့ရသေးကြောင်း ၎င်းကဆိုသည်။

ယင်းနှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဧည့်ခံပွဲတွေမှာ တွေ့ရင် ရန်ကုန်မြို့ကို သူရောက်ဖူးတဲ့ ဘရာဇီလ်းတို့ အာဂျင်တီးနားတို့ ဂျပန်တို့ကလို မြို့တွေဖြစ်အောင်လုပ်မှာလို့ အမြဲတမ်းပြောတယ်။ အခုလုပ်နေတာလည်း သူ့ရဲ့မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်နေသလိုပဲ”ဟု ပြောကြားသည်။

ဦးလှမြင့်တာဝန်ယူချိန်မှစကာ စည်ပင်မှ အကျင့်ပျက်ဝန်ထမ်းများကို ဖယ်ရှားခြင်း၊ မြို့တော် ခန်းမအား ဆေးသုတ်ခြင်း၊ မဟာဗန္ဓုလပန်းခြံမှ ဆိုင်ခန်းများအား ဖယ်ရှားခြင်း၊ လမ်းဘေးဈေးသည်များအား ရှင်းလင်းခြင်းနှင့် ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းပတ်ဝန်းကျင်ရှိ စားသောက်ဆိုင် များ ဖယ်ရှားခြင်း ကိစ္စရပ်များအား လုပ်ဆောင်ခြင်းတို့ကြောင့် ပြည်သူအများစု ဘဝရပ်တည်ရေးအတွက် များစွာ ဒုက္ခရောက်ရကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမှ ဆူးလေတွင် ဈေးလာရောင်းသူ ဦးမြင့်က “ဦးလှမြင့် ဒီလိုလုပ်နေ တာမြင်တော့ တော်လှန်ရေးကောင်စီ လက်ထက်က မြို့တော် သာယာလှပရေးဆိုပြီး မြို့ထဲကလူတွေကို စစ် ကားပေါ်တင်ပြီး ဆင်ခြေဖုံးတွေကို ပို့ပစ်တာကို သတိရမိတယ်”ဟု ၎င်းကြုံတွေ့ရသည် များကို ပြန်ပြောင်း ပြော ဆိုသည်။

သတင်း... YC(KS) Transparency Myanmar