25 July 2011

အင်တာနက်ဆိုင်များအား စစ်ဆေးရန် ထပ်မံညွှန်ကြားပြန်

ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနတွင် PAC လိုင်စင်လျှောက်ထား၍ ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များတွင် သတ်မှတ်ထား သော စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိကို စစ်ဆေးရန် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများထံ အကြောင်းကြားစာ ရောက်ရှိလာ ကြောင်း သိရသည်။

အကြောင်းကြားစာအား MPT မှ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်များသို့ လိပ်မူ၍ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ အင်တာနက်ဆိုင်များသည် ထုတ်ပြန်ထားသော စည်းကမ်းချက် ၁၂ ရပ်နှင့်အညီ ပြု ကျင့်ခြင်း ရှိ/မရှိကို စစ်ဆေးရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ပူးပေါင်းအဖွဲ့တွေဖွဲ့ပြီးစစ်ဆေးမှုတွေလုပ်ရမယ်။အင်တာနက်ဆိုင်ရှင်တွေကိုခေါ်ပြီးလိုက်နာမည်ဖြစ်ပါကြောင်း ခံဝန်ကတိထိုးခိုင်းရမယ်”ဟု ယင်းက ဆိုသည်။

ထုတ်ပြန်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေ မလိုက်နာလို့ရှိရင် နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူလို့ရတယ်”ဟု အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

အင်တာနက်ဆက်သွယ်မှုစနစ်များ တိုးတက်လာသဖြင့် ယခင် သုံးနေသော IPv4 Version မှ IPv6 Version သို့ ပြောင်းလဲရန် နိုင်ငံတကာမှ ကြိုးစားနေချိန်တွင် ပြင်းထန်သည့် စည်းကမ်းချက် ၁၂ ရပ်အား MPT မှ ထုတ်ပြန်ထားသည်မှာ မြန်မာ့ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ အား အားနည်းစေ ရန် ပြုလုပ်ခြင်း သဘောဆောင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အင်တာနက်ဆိုင်များအားMyanmar Info Tech (MIT) အားလုပ်ကိုင်ခွင့်ပေးထားပြီး၊ MPT မှ MIT ထံမှ ပြန်လည်လွှဲပြောင်းယူပြီးနောက်တွင် လစဉ်ကြေးနှင့် နှစ်စဉ်ကြေး ပေးသွင်းရမှု ပုံစံပြောင်းလဲခဲ့ပြီး၊ စည်းကမ်းချက် ၁၂ ရပ်အား ထုတ်ပြန်ကာ၊ ယင်းစည်းကမ်းချက်များအား မပျက်မကွက် လိုက်နာ ရန် အင်တာနက်ဆိုင်ရှင်များမှ လက်မှတ်ရေးထိုး ပေးခဲ့ရသည်။

သတင်း...YC(KS) Transparency Myanmar