24 July 2011

ငယ်ငယ်ရွယ်ရွယ်နဲ့ သေကွဲ ရှင်ကွဲ ကွဲနေရတုန်းပါပဲ - လူထုဒေါ်အမာ (အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်:ပြည် )



အဘွား အမြဲပြောတဲ့ စကားရှိပါတယ်။ လူမှန်ရင် လူတိုင်းမှာ လူသားရဲ့ အားမာန် အပြည့်ရှိရတယ်။ ငါဟာ လူ့အဖွဲ့အစည်းကို ငါ စွမ်းဆောင်ရ ဘက်က အကျိုးပြုနေတဲ့ လူသားတယောက် ဖြစ်ရမယ်ဆိုတဲ့စကားပါ။

လူထုဒေါ်အမာ

လေးစားရတဲ့ သောတရှင်များရှင့်

ကျမရဲ့ ဒေသန္တရသမိုင်းထဲမှာ လုံးဝမေ့ပျောက်လို့မရပဲ မေ့ပျောက်နိုင်စွမ်းအလျင်းမရှိတဲ့ ပတ်ဝန်းကျင် အလှ ဒေသကတော့ မန္တလေး၊ ကလေး ခရီးစဉ်တလျှောက်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်အလှကို ပြန်တွေးတိုင်း လွမ်းဆွတ်ကြည်နူးတမ်းတနေရသလို လူပုဂ္ဂိုလ်အဖြစ် သတိရလွမ်းဆွတ်ကြည်ညိုနေရတာကတော့ အဘွားလူထုဒေါ်အမာကိုပါ။

နိုဝင်ဘာ ၂၉ ရက်နေ့က အဘွားလူထုဒေါ်အမာရဲ့ မွေးနေ့မို့ မွေးနေ့နီးရင် အနယ်နယ် အရပ်ရပ်က အဘွားကိုချစ်ခင်ကြည်ညိုတဲ့ စာပေအနုပညာရှင်များအပြင် ပြညသူလူထုကပါ တောင်သမန်အင်းက ဆရာတော်ဦးပညာကျောင်းကိုလာခဲ့ကြညပါပြီ။ ဂုဏ်ပကာသနမရှိတဲ့ အဘွားမွေးနေ့ကို ဂုဏ်ပကာသနဖက်ပြီး မကျင်းပပါဘူး။ ဒါပေမယ့် ပြည်သူလူထုဘက်က အစဉ်ရပ်တည်ခဲ့တဲ့ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာမကြီးမွေးနေ့ကို ပြည်သူလူထုက ကျင်းပပေးတဲ့ မွေးနေ့ပွဲဖြစ်တာမို့ ဘယ်လောက်ပင်ပန်းနေပါစေ မွေးနေ့ရှင်အဖြစ် တက်ရောက်ဧည့်ခံပေးပါတယ်။

မွေးနေ့မှာတော့ တော်ဘုရာလေး၊ လူထုဦးစိန်ဝင်း၊ ဒေါက်တာသန်းထွန်း၊ ဆရာကြီး ဒဂုန်တာရာ၊ ဘဘသခင်အုန်းမြင့်တို့နဲ့ အတူ သနပ်ခါးဖွေးဖွေး ပန်းပန်ထားတဲ့ အဘွားက ပြုံးရွှင်ပြီး ငှက်လွှတ်မယ်။ လမင်းတရာပန်တျာဌေးဌေးမြင့်က လေဘာတီမမြရင်ရဲ့ တုံးကျော်မသီချင်းနဲ့ ဂုဏ်ပြုရင် အဘွားကပါ စည်းလိုက်ရင်း လိုက်ဆိုမယ်။ ခုတော့ မွေးနေ့ရှင် အဘွားလူထုဒေါ်အမာ မရှိတော့ပါဘူး။ အဘွားပြောနေကျစကားရှိတယ်။ လူမှန်ရင် လူတိုင်းမှာ လူသားရဲ့ အားမာန် အပြည့်ရှိရတယ်။ ငါဟာလူ့အဖွဲ့အစည်းကို ငါစွမ်းဆောင်ရာဘက်က အကျိုးပြုနေတဲ့ လူသားတယောက်ဖြစ်ရမယ်ဆိုတဲ့စကားပါ။

အဘွားလူထုဒေါ်အမာက ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေကို ခွန်အားဗလနဲ့ မတည်ဆောက်ပဲ ကြီးမြတ်တဲ့ စိတ်ဓာတ်နဲက တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လိုအပ်တာက ငြိမ်းချမ်းရေးပါ။ ကိုယ်ချင်း စာစိတ်နဲ့ ဂရုဏာ တရားပါ။ လူသားအချင်းချင်း နားလည်သည်းခံမှူနဲ့ ဒီလိုစိတ်ကို အခြေခံတဲ့ ပြယုဂ်ကို ကိုယ်စားပြုသူကတော့ အဘွားလူထုဒေါ်အမာပါပဲ။

အဘွားလူထုဒေါ်အမာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာပါခဲ့တဲ့ သပိတ်မှောက် ဇောဂျီ က အော်တိုစာအုပ်ထဲမှာ အဘွားလူထုဒေါ်အမာအတွက်အမှတ်တရ ရေးပေးခဲ့ပါတယ်။ အမာသည် အပျော့မဟုတ်၊ အဖြူသည်အမည်းမဟုတ်၊ အဖြောင့်သည် အကောက်မဟုတ်၊ အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖြောင့်ကို မကောက်စေနှင့် ဆိုတဲ့ စာထဲကအတိုင်း အဘွားက သူ့ယုာံကည်ချက်ကို ကွယ်လွန်ချိန်အထိ ဆုပိကိုင်သွားခဲ့ပါတယ်။

အဘွားလူထုဒေါ်အမာက အဖိနှိပ်ခံပြည်သူဘက်က ရပ်တည်ခဲ့တဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တယ်။ သတင်းစာ စာရေးဆရာမကြီးတယောက်ဖြစ်တယ်။ ပြည်သူ့ဘက်သား၊ သားသမီး ရတနာတွေ ကို မွေးထုတ်ပေးတဲ့ မိခင်တစ်ယောက်ဖြစ်တယ်။ ပြည်သူ့ဘကသား သားသမီးရတနာတွေကို မွေးထုတ်ပေးတဲ့ မိခင် တစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တော်လှန်ရေးထဲမျာ ကျဆုံးခဲ့ သူ၊ မြန်မာပြည်တော်လှန်ရေး မှာ အခုအချိန်ထိ လှူပ်ရှားနေသူတို့ရဲ့ မခင်လည်းဖြစ်ပါတယ်။

ဒါကြောင့် ကြေကြေကွဲကွဲ အဘွားပြောခဲ့တဲ့စကားရှိပါတယ်။ အမေက လောကဓံကို ခံရတာများလွန်းလို့ လူကတော်တော်ထုံနေပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကွဲ ရှင်ကွဲ ကွဲနေရတုန်းပါပဲတဲ့။

အဘွားနဲ့ကျမ စတင်ဆုံဖူးတဲ့နေ့ကို မှတ်မိနေတယ်။ ၁၉၉၈ ဖော်ဖော်ဝါရီ ၁၈ ရက်မှာ အဖမ်းခံရတဲ့ခင်ပွန်းသည်ကို ဧပြီလမှာ အင်းစိန်ထောင်ကနေ မန္တလေးမုံရွာကတဆင့် ကလေးအကျဉ်းထောင်ကို အာဏာပိုင်က ထောင်ဒဏ် ၁၄ နှစ်နဲ့ ပို့လိုက်ပါတယ်။ နိုင်ငံရေးသမားတေကို နယ်ဝေး အကျဉ်းထောင်တွေဆီ ဖြစ်ဒဏ်အများဆုံး ၁၄ နှစ်နဲ့ ပို့လိုက်ပါတယ်။ နိုင်ငံရေးသမားတွေကို နယ်ဝေးအကျဉ်းထောင်တွေဆီ ပြစ်ဒဏ်အများဆုံး ၁၄ နှစ်နဲ့ ပို့နေတဲ့အချိန်ပါ။

ကလေးမြို့ ဆိုတာ ဘယ်နားမှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိတဲ့အချိန်မှာ ကဗျာဆ၇ာကြီးဦးတင်မိုက ကလေးထောင်သွားဖို့လမ်းညွှန်ပေးပါတယ်။ ဆရာကြီးနဲ့ အင်းစိန်ထောင်ထဲမှာ ၃ နှစ်နေဘူးတဲ့ ဒုရဲအုပ်လေးက ကလေးတမူးလမ်းမှာ စက်ဘီးကယ်ရီနဲ့ ချည်ထုတ်တွေသယ်ဖူးသူမို့ ကလေးမြို့နဲ့ တမူးကို သူ ၃ နှစ်သားနဲ့ ရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် လမ်းခရီးကို ဘယ်လိုသွားရမယ်ဆိုတာ ဆရာကြီး ဦးတင်မိုက ပြောပြပါတယ်။ ဒါအပြင် ခရီးတထောက်နားရာ မန္တလေးလူထုတိုက်ကို စာရေါ်ပေးလိုက်ပါတယ်။

ဒေါ်ဒေါ်ခင်ဗျားလို့ အစချီထားတဲ့စာလေးကိုကိုင်ပြီး လူထုတိုက်ကိုရောက်သွားတော့ ပုံနှိပ်စက်သံ တဖြောင်းဖြောင်းက ကျမကို ဆီးကြိုနေတယ်။ အောက်ဘက်ဧည့်ခန်းက နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ ဆီးဆေးပန်းချီကားတွေက အရင်ဆုံး ကျမကို ဧည့်ခံနှင့်တယ်။ ပြီးတော့မှ ရင်ဖုံးအကျီင်္အဖြူမှာ လက်ကိုင်ပုဝါထိုးထားတဲ့ သနပ်ခါးအဖွေးသားနဲ့ အဖွားလူထုဒေါ်အမာကိုတွေ့ရတယ်။ အဲဒီအချိန်က အဘွားလူထုဒေါ်အမာ အသက် ၈၀ ကျော်ပေမယ့် ဖျတ်ဖျတ်လပ်လပ် သွက်သွက်လက်လက်ရှိတုန်းပါ။

ဆရာကြီးဦးတင်မိုပေးလိုက်တဲ့စာထဲမှာ ကျမဖေဖေက လူထုတိုက်က သတင်းထောက် တယောက်ဖြစ်ခဲ့ တဲ့အကြောင်း။ ကိုကိုးကျွန်းမှာ ရဲဘော်ဖိုးသံချောင်းနဲ့အတူ နေခဲ့သူဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

အဘွားက ကျမတို့မိသားစုအကြောင်းကိုမေးပါတယ်။ သတင်းစာဆရပီပီမေးတတ်သလို စာရေးဆရာပီပီ စိတ်ဝင်တစားနားထောင်ပါတယ်။

ကျမ ၆ လသမီးအရွယ်မှာ ဖေဖေအဖမ်းခံရပြီး၊ ကျမ ၇ နှစ်သမီးမှာ ထောင်က လွတ်လာပါတယ်။ အခုခင်ပွန်းသည် အရေးပေါ် ၅ညနဲ့ ထောင်ဒဏ်၁၄နှစ် အချခံရပါတယ်။ ဖမ်းသွားကတည်းက ထောင်ဝင်စာတွေ့ခွင့်မရပဲ နယ်ဝေးကလေးအကျဉ်းထောင်ကို ပြောင်းလိုက်တယ်။ ကျမမှာ ၅ နှစ်အရွယ် သားလေးတစ်ယောက်ရှိပါတယ် ဆိုတဲ့အကြောင်း အဘွားကို ကျမပြောပြပါတယ်။

အဘွားက ရင်ဖုံးအကျီင်္မှာထိုးထားတဲ့ လက်ကိုင်ပုဝါထုတ်ပြီး မျက်ရည်သုတ်တယ်။ ကျမကို ကြင်ကြင်နာနာနဲ့ ပုခုံးဖက်ပြီး ငါ့သမီးစာရေးပါလား။ သမီးတို့ဘ၀တွေက စာရေးဖို့ သိပ်ကောင်းတယ်တဲ့။

ဒီလိုနဲ့ကျမလည်း စားရေးသူဖြစ်သွားပါတယ်။ ကျမရဲ့စာရေးသူဘ၀ကို စာပေမျိုးစေချပေးသူက အဘွားလူထုဒေါ်အမာဖြစ်ပြီး စာပေစင်မြင့်ကို တင်းပေးခဲ့သူကတော့ ဒေးဒရဲဦးမြတ်ဆွေနဲ့ ဆရာနတ်နွယ်ပါပဲ။

သောတရှင်များရှင်

တရားစောင့်သူကို တရားကပြန်စောင့်သည်။ ပြည်သူကိုချစ်သူအား ပြည်သူက ပြန်ချစ်သည်။ လူကိုလေးစားသူအား လူက ပြန်လေးစားသည်လို့ ဆရာပါရဂူက မိုးဝေးးမဂ္ဂဇင်းမှာ ဆရာဗန်းမော်တင်အောင်အကြောင်း အမှတ်တရ ရေးခဲ့ဖူးပါတယ်။ အဘွားက ပြည်သူကိုချစ်လို့ အဘွားကိုပြည်သူကချစ်တယ်ဆိုတာ အဘွားမွေးနေ့နဲ့ အဘွားဈာပနက သက်သေပြခဲ့ပါတယ်။

အဘွားလူထုဒေါ်အမာက ပြည်သူလူထုကို သတင်းနဲ့ မျက်စိပွင့်ဖို့ စာပေနဲ့ နိုးကြားဖို့ ကွယ်လွန်ချိန်အထိ ကြိုးစားခဲ့သူ။ စွမ်းဆောင်ခဲ့သူတယောက်ပါ။ ခေတ်ခရီးကို ပြည်သူလူထုနဲ့ အတူ အလောင်စွဲပြီး ထပ်ချက်မကွာ လျှောက်ခဲ့သူပါ။ ကျမ ကလေးအကျဉ်းထောင်ကိုသွားတိုင်း လူထုတိုက်ကိုဝင်ခဲ့တာ တလတကြိမ်နဲ့ ၁၀ နှစ်ကြာသွားခဲ့ရပါတယ်။ အဘွားက ကျမကို ဘယ်အချိန်သွားသွား နွေးနွေးထွေးထွေးကြိုတယ်။ နိုင်ငံရေးအကျဉ်းကျ မိသားစုတွေကို တတ်နိုင်သလောက်ပံ့ပိုးတယ်။ အဘွားဆီကိုကျမရောက်ရင် အဘွားက ရေဒီယိုသတင်း၊ ဂြိုလ်တုသတင်း တခုမဟုတ်တခု နားထောင်တတ်တာ အဘွားမဆုံးခင် မတ်လ ၁၃ ရက်နေ့ ကျမရောက်တဲ့အထိပါ။ အဘွားဆီကျမရောက်ရင် ရန်ကုန်ကမိတ်ဆွေတွေအကြောင်း၊ ကုန်ဈေးနှူန်းအကြောင်းနဲ့ လက်ရှိအခြေအနေတွေကိုမေးတယ်။ ကျမကိုလည်း မှတ်ထားငါ့သမီး၊ တချိန်ကျ ဒီသတင်းတွေက သိပ်ကိုတန်ဖိုးရှိမှာ လို့ပြောတယ်။ အဘွားက မန္တလေးသူပီပီ စကားတတ်တယ်။ တဘက်သားကိုပြောရင် ဝေဖန်တဲ့စကားပြောဆိုပေမယ့် ထိထိမိမိနဲ့ သိပ်ကိုယဉ်ကျေးပါတယ်။ အဘွားက ကျမကို အမြဲမှတ်သားနေရမယ့်စကား ပြောပါတယ်။ ငါ့သမီး စာရေးဆရာဆိုတာ ဘက်ရှိရတယ်တဲ့။

အဘွား ဂြိုလ်တုသတင်းကြည့်တဲ့တီဗီပေါ်မှာ ပါးအို့နီနီလေးတွေနဲ့ အနွေးထည်ထူထူဝတ်ထားတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံ တင်ထားပါတယ်။ အဲဒီပုံလေးတွေကို အဘွား အလွမ်းပြေ ကြည့်နေတတ်တယ်။ ဘယ်သူ့ပုံလဲဆိုတာ အဘွားကို ကျမ မမေးရက်ပေမယ့် စိတ်ထဲက အလိုလိုသိနေတယ်။ တနေ့ ဆရာညီပုလေး ထောင်ကလွတ်လာတယ်။ အဘွားကို ကျမက အဘွား ကိုညိုလွတ်တော့ အဘွားပျော်မှာပေါ့ လို့တို့လိုက်တယ်။ အဘွားက ပြုံးပြုံးလေးနဲ့ ပြန်ပြောတယ်။ ကိုညိုလွတ်ပေမယ့် အမေအပြည့်အ၀မပျော်ပါဘူး။ ထောင်ထဲမှာ အမေ့သားသမီးတွေ အများကြီး ကျန်သေးတယ်တဲ့။ ကျမအဘွားကို သိပ်ချစ်သွားတယ်။ ဟုတ်တာပေါ့၊ အဘွားက ကျောင်းသားသမဂ္ဂကျောင်းသူ၊ သပိတ်မှောက်ကျောင်းသူ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သူ။ သူကိုယ်တိုင်လည်း အကျဉ်းသူဖြစ်ခဲ့ဘူးသူ။ ထောင်ထဲမှာ နေ့စဉ်ထောင်တွင်းတိုက်ပွဲတွေနဲ့ တခြားပြစ်မှူကျူးလွန်သူ မိန်းမအကျဉ်းသူတွေရဲ့ ဘ၀အကြောင်း ကျမကို ပြောပြတတ်တယ်။ အဘွားက အမျိုးသမီးတွေရဲ့ ဘ၀ကို သိပ်ကိုတန်ဖိုးထားသူပါ။

တို့မိန်းမသားတွေကို အမေဂုဏ်ယူတာတခုရှိတယ်။ အဲ့ဒါကတော့ အိမ်ထောင်ဦးစီးများ မရှိတဲ့အချိန်မှာ သားသမီးတွေကို စောင့်ရှောက်တယ်။ စီးပွားရှာရတယ် အစရှိတဲ့။ ဒါကို စာပေစီစစ်ရေးလွတ်အောင် ပါးပါးလေး ရေးသွားတယ်။ တခါက အဘွားက မေးဘူးတယ်။ ငါ့သမီး အမေ့ဆောင်းပါးတွေဖတ်ပြီး နားလည်ရဲ့လား။ စာပုဒ်ရဲ့အသက်က အောက်ဆုံးစာကြောင်းလေး၊ ဒါကို စာပေစီစစ်ရေးက ဖြတ်လိုက်တော့ ဘာမှန်းကိုမသိတော့ဘူး တဲ့။ အဘွားက ကျမသားလေးကို သူ့ဖခင်နဲ့ အမြဲတွေ့နိုင်အောင် ထောင်ဝင်စာတွေ့ရင် ခေါ်သွားဖို့ အကြံပေးပါတယ်။

ငါ့သမီး ကလေးကို သူ့အဖေနဲ့ အမြဲတွေ့နိုင်အောင်ခေါ်သွား။ ဦးလှထောင်ကလွတ်လာတော့ အမေတို့ မန္တလေးလေယာဉ်ကွင်းကို သွားကြိုကြတယ်။ ကိုညိုက ဦးလှကို မမှတ်မိဘူး။ ဒါကြောင့် ကိုညို့ သမီးတွေကို သရက်ထောင်သွားရင် အမြဲခေါ်သွားခိုင်းတယ်။ ကလေးတွေက ကားမူးတတ်ပေမယ့် ပင်ပမ်းရင် ပမ်းပါစေ။ သားအဖမမှတ်မိသာက ပိုပြီး စိတ်ပင်ပန်းတယ်။ အဘွားက သူကိုတိုင်လည်း သားအငယ်ဆုံးအတွက် ထောင်ဝင်စာကို အသက် ၈၀ အရွယ်နဲ့ လိုက်တွေ့သူပါ။ မှတ်မှတ်ရရ သန်းခေါင်စာရင်းကျန်ခဲ့လို့ ထောင်ဝင်စာတွေ့ခွင့်မရခဲ့ပါဘူး။ နိုင်ငံကျော်သတင်းစာ ဆရာမကြီး၊ စာရေးဆရာမကြီးကို အာဏာပိုင်တွေက အငြိုးနဲ့ လုပ်လိုက်တာပါပဲ။

အဘွားကို ကျမ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ၂၀၀၈ မတ်လ ၂၃ ရက်နေ့ပါ။ အဘွားကို အိပ်ယာပေါ်ကနေ လက်နှစ်ဘက်နဲ့ သိုင်းပွေ့ပြီး ပွေ့ထုခဲ့ရပါတယ်။ အဘွားရဲ့ ခေါင်းအုံးဘေးမှာ ရေဒီယိုလေး၊ သတင်းတားထောင်နေချိန်။ အဘွားက အိပ်ယာပေါ်မှာပဲ။ အဘွားကို ကျမက အဘွား သမီးတို့ စစ်အာဏာရှင်လက်က ဘယ်တော့ လွတ်မယ်မသိဘူးဆိုတော့ အဘွားကပြုံးတယ်။ သိပ်ကိုလေးနက်တဲ့အပြုံးပါ။ အသက် ၉၃ နှစ်အရွယ် သတင်းစာဆရာမကြီး လူထု ဒေါ်အမာပြောတဲ့စကား နားထောင်ကြည့်ပါဦး။

မှတ်ထားငါ့သမီး၊ သွေးမြေမကျပဲ ဘယ်တော့မှာ မပြောင်းလဲဘူးတဲ့။ ကျမ ရန်ကုန် ရောက်ပြီး ၂ ပတ်အကြာမှာ အဘွားဆုံးပါးသွားတဲ့သတင်းကို VOA ကနေ ကြားခဲ့ရပါတယ်။ ကျမတို့ တိုင်းပြည်မှာ အဘွားလို ပြည်သူ့ဘက်က မားမားရပ်တည်ပေးခဲ့သူ၊ ခေတ်အဆက်ဆက် ကိုကျော်ဖြတ်ပြီး တိုင်းပြည်ကို တကယ့်နိုင်ငံရေးအသိ၊ စာပေအသိပေးနိုင်တဲ့သူမို့ နှမြောတကြီးဖြစ်ရပါတယ်။

အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အလံသုံးလက်ကို အဘွား ကွယ်လွန်အချိန်အထိ လွှင့်ထူသွားခဲ့ပါတယ်။ အဘွားဆုံးပါးသွားတဲ့သတင်းကို VOA ကနေ ကြားခဲ့ရပါတယ်။ ကျမတို့တိုင်းပြည်မျာ အဘွားလို ပြည်သူ့ဘက်က မားမားရပ်တည်ပေးခဲ့သူ၊ ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ပြီး တိုင်းပြည်ကို တကယ့်နိုင်ငံရေးအသိ၊ စာပေအသိပေးနိုင်တဲ့သူမို့ နှမြောတကြီး ဖြစ်ရပါတယ်။

အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အလံသုံးလက်ကို အဘွားကွယ်လွန်အချိန်အထိ လွှင့်ထူသွားခဲ့ပါတယ်။ အဘွားလူထုဒေါ်အမာက သူ့နောက်ဆုံးထွက်သက်အထိ သူ့ယုံကြည်ချက်ကို အစိုက်မတ်မတ် ဆုပ်ကိုင်သွားခဲ့သူဖြစ်ပါတယ်။ အဘွားရဲ့ အရိုးပြာကို ဧရာဝတီမြစ်ထဲ မျောလိုက်တယ် ဆိုတဲ့အကြောင်း ကျမသိတော့ လှိုက်လှူက်လှဲလှဲလုက်ခံခဲ့ပါတယ်။ အမျိုးသားယဉ်ကျေးမှူနဲ့ နှလုံးသည်း ပွတ်ဖြစ်တဲ့ အဘွားလူထုဒေါ်အမာ ကို ပြည်သူလူထုကတင် ပိုင်တာမဟုတ်ဘဲ အမိမြန်မာပြည်ကြီးကပါ ပိုင်ပါတယ်။

သခင်ဇင့် ဇနီး ဒေါ်ကြည်ကြည်ဆုံးတော့ အဘွားလူထုဒေါ်အမာက ၀မ်းနည်း မှတ်တမ်းရေး ပို့လိုက်ပါတယ်။ ဒေါ်ကြည်ကြည်ရေ သတ္တိကောင်းပြီး အသဲမာလှ တဲ့မိန်းမမို့ နှမြောလိုက်ပါရဲ့တဲ့။ အဘွားလူထုဒေါ်အမာစကားနဲ့ပဲ အဘွားရဲ့ ၉၅ နှစ်မြောက်မွေးနေ့မှာ ကျမ နက်နက်ရှိုင်းရှိုင်း ဂုဏ်ပြုပါတယ်။

သတ္တိကောင်းပြီး အသဲမာလှတဲ့ အဘွားမို့ နှမြောလိုက်ပါရဲ့ တဲ့။

မျှဝေခံစားနိုင်ကြပါစေ…