02 September 2011

ကိုယ့်ဗုံး ကိုယ်ပြန်ကြောက် နေတဲ့ အစိုးရ..

အစိုးရအဖွဲ့ဝင်များကို ဗုံးဖောက်ခွဲရန် လုပ်ကြံမှုများရှိနိုင်သည့်အတွက် အစိုးရဌာနများတွင် ဗုံးအန္တရာယ် သတိပြုရန်အတွက် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

"သြဂုတ်လဆန်းကတည်းက သတိပေးချက် ထုတ်ပြန်ထားတယ်။ ဒီသတိပေးချက်ကို သက်ဆိုင်ရာဌာနတွေကို အကုန်ပို့ထားတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖုန်းဟန်းဆက်များကို လက်ဆောင်ပေးဟန်ဆောင်၍ ယင်း ဟန်းဆက်နားကြပ်ပေါက်များ အတွင်း ပေါက်ကွဲစေသည့်အရာများ ထည့်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနည်းအား လည်းကောင်း၊ ဆိုင်ကယ်မိုင်းလစ်ကြိုးများအတွင်း ယမ်းထည့်၍ ဖောက်ခွဲနည်းအား လည်းကောင်း အသုံးပြုကာ အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကို အထိနာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

"ဗုံးဖောက်ခွဲဖို့ နယ်စပ်ကလူတွေလည်း အထဲရောက်နေတယ် ကြားတယ်။ သူတို့ရဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ရထားတာရှိတော့ လုံခြုံရေးအရ အရေးကြီးတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဖြန့်ဝေထားတယ်"ဟု မန္တလေးတိုင်း ဒေသကြီးမှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်ပြီး နိုင်ငံတော် ၏ အေးချမ်းတည်ငြိမ်ရေးကို ပျက်စီး စေနိုင်သဖြင့် ယခုကဲ့သို့ လုံခြုံရေးတင်းကြပ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြုပြောကြားသည်။

အစိုးရဌာနများ၏ အဝင်အထွက်များကို လုံခြုံရေးတင်းကျပ်စွာ စီမံထားရန်နှင့် ခေတ်မီနည်းစနစ်များ ကျင့်သုံးကာ ဗုံးဖောက်ခွဲသူများ၏ အန္တရာယ် ကို ကာကွယ်ရန် စီစဉ်ထားပြီးဖြစ်ကာ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ ပူးတွဲကာ လုံခြုံရေး အတွက် တာဝန်ချထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးဖောက်ခွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ယင်းဗုံးဖောက်ခွဲမှုများ၏ ၇၀ ရာခိုင်နှုန်း မှာ အမည်မဖော်လိုသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏လက်ချက် ဖြစ်ကြောင်း သိရှိရသည်။

သတင်း.... YC(KS)