01 September 2011

ဗိုလ်ချုပ်ကြီးများ ပြုပြင်ပြောင်းလဲလာအောင် ရှင်သန်ရပ်တည်ရေးကိစ္စက တွန်းအားပေး ထိန်းကျောင်း

(Reuters သတင်း မှ 26 Aug 2011 ရက်စွဲပါ “Survival steers Myanmar Generals towards reform” သတင်းဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း သက်ဦးဆံပိုင် အာဏာရှင်အုပ်ချုပ်သူများထံမှ အလယ်အလတ် လမ်းစဉ်နှင့် ပြုပြင်ပြောင်းလဲမှုကို ဦးတည်သည့် ရှားရှားပါးပါးစတင်လုပ်ဆောင်မှုများက အထီးကျန်အပယ် ခံနိုင်ငံတွင် ပြောင်းလဲရေးအတွက် ယနေ့စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

မြန်မာအရပ်ဖက် အစိုးရသစ်ထံမှ စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုများ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကမ္ဘာ့ အလျှို့ဝှက်ဆုံး၊ အဂတိ လိုက်စားမှု အများဆုံး၊ အဖိနှိပ်ဆုံး အာဏာရှင် အစိုးရများထံမှ တစ်ခုအပါအဝင်ဖြစ်သော မြန်မာအစိုးရကို လွန်ခဲ့သော ၅ လကမှ ထိန်းချုပ်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီး များ၏ ရည်ရွယ်ချက်အမှန်နှင့် ပတ်သက်၍ မေးစရာများ ရှိလာခဲ့သည်။

မနှစ်ကရွေးကောက်ပွဲများအပြီး အာဏာကို တရားဝင်ပြန်လည်ချုပ်ကိုင်ခဲ့ကြသော အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများက ယခုအခါ ပြုပြင် ပြောင်းလဲရေးကို ဦးတည်သည့် လှုပ်ရှားမှု အချို့ ပြုလုပ်လိုကြောင်း ပြသလာခြင်းသည် ၎င်းတို့၏ ရှင်သန်နိုင်ရေးအတွက် အဓိက ဖြစ်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံအတွင်း အင်တာဗျူးလုပ်ခဲ့သော သံတမန် များ၊ နိုင်ငံရေးအကဲခတ် များနှင့် မြန်မာများစွာက ပြောကြားခဲ့ကြသည်။

မနှစ်က ရွေးကောက်ပွဲများ ပြီးစီးချိန်အထိ ထိန်းသိမ်းခံရပြီးမှ လွတ်မြောက်လာခဲ့ရသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သီတင်းပတ်တွင် သမ္မတသစ် ဦးသိန်းစိန်က တရားဝင် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုခဲ့ သော်လည်း “ထိုးဇာတ်” တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။

၁၉၈၈ ခုနှစ်က ကျောင်းသားအရေးတော်ပုံအပြီး ချမှတ်ထားခဲ့သည့် အနောက်နိုင်ငံ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် အာဏာရှင် ခေါင်းဆောင်များကို ခွဲခြားပစ်ပယ်ထားခဲ့သလို ယခု အရပ်ဖက်အစိုးရကိုလည်း ဆက်လက်၍ အနှောင့်အယှက်ပေးလျက်ရှိသော်ငြားလည်း မြင်သာ ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ လွှတ်ပေးရေးကို လုပ်ဆောင်ပြသခြင်း မရှိသရွေ့ ပိတ်ဆို့မှုများကို ရုတ်သိမ်း ပေးမည့် လက္ခဏာ မရှိပါ။

“ဖြစ်ပျက်နေတာတွေကို ကြည့်ရင်တော့ မြန်မာအစိုးရက သူတို့ကိုယ်သူတို့ တရားဝင်တယ်၊ စစ်မှန်တယ်၊ ဒီမိုကရေစီကို ဖွံ့ဖြိုးအောင် လုပ်နေ တယ် ဆိုတာ ပေါ်လွင်နိုင်ဖို့ ကြိုးစားနေတဲ့ ပုံပါပဲ” ဟု ပြောကြားသူမှာ London’s School of Oriental and Africa Studies မှ မြန်မာ့ရေးရာ ကျွမ်းကျင် သူ Michael Charney ဖြစ်သည်။

“ကျွန်တော်ကတော့ လတ်တလောဖြစ်ရပ်မှန်သမျှကို ဒီမိုကရေစီကို ဦးတည်ပြီး အပြု သဘောဆောင်တဲ့ ခြေလှမ်းလို့ မယူဆပါဘူး၊ ရေရှည် ထိန်းချုပ် ဖို့ မျှော်လင့်ထားတဲ့ လက်ရှိ အာဏာချုပ်ကိုင်ထားသူတွေ၊ မိသားစုတွေရဲ့ အနေအထားကို ချောမွေ့ခိုင်မာအောင် လုပ်တဲ့သဘောလို့ပဲ ယူဆပါ တယ် ” ဟု ၎င်းက မှတ်ချက်ပေးသည်။

တပ်မတော်အစိုးရ၏ အာဏာခိုင်မြဲရေးလုပ်ငန်းစဉ်ကို စတင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း နိုင်ငံ၏ အမြတ်အစွန်းကြီးမားသော ကန်ထရိုက် များ၊ စီးပွားရေးလုပ်ငန်းများ၊ မြေယာ၊ အဆောက်အအုံများကို အစိုးရနှင့် ဝေမျှစားဖက်ရောင်းရင်းများက လက်သိပ်ထိုးလက်ဝါးကြီးအုပ် ရယူ ခဲ့ကြသည့် ရှင်းရှင်းလင်းလင်း မရှိသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် နိုင်ငံပိုင်လုပ်ငန်းများစွာကို အပြောင်ရှင်းရောင်းချချိန် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ပို၍ အရှိန်မြှင့်လာခဲ့ခြင်း ဖြစ်သည်။

အထက်ပါ အပြောင်ရှင်း ရောင်းချမှုကို တပ်မတော်နောက်ခံ USDP ပါတီ အနိုင်ရသည့် ဂရုတစိုက် အကွက်ချ ဖန်တီးထားသော နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်လုပ်ဆောင်ခဲ့ကြသည့် ယခင်တပ်မတော်အစိုးရ၏ နံပါတ် (၄) အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ပေးခဲ့ပြီး သူက ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခဲ့သည်ဟု ဆိုသည်။

အပယ်ခံ အနေအထား

ယခင်က အင်ဒိုနီးရှားတွင် တွေ့မြင်ခဲ့ရပြီး ယခုအခါ ထိုင်နိုင်ငံတွင် အမြစ်တွယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး။ စစ်တပ်တို့ အမြွှာပူးသဖွယ် အနီးကပ်ဆက်နွယ်မှုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်များက ဒီမိုကရေစီနှင့် အလယ်အလတ် ပြောင်းလဲခြင်း ဟန်ပန် ထွက်အောင် ဖန်တီးပေးထားပြီး အာဏာကိုသေချာစေခြင်း၊ တပ်မတော်နောက်ခံ အဖွဲ့အစည်းလက်ထဲသို့ စီးပွားဥစ္စာနှင့် ကူညီမှု ရန်ပုံငွေများ စုပြုံ ရောက်ရှိသွားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံသည် ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ပြထားသော်ငြားလည်း နိုင်ငံ၏ အုပ်ချုပ်သူအလွှာကို တင်းတင်းကြပ်ကြပ် ဒဏ်ခတ်ထားသည့် အနောက်နိုင်ငံ အရေးယူမှု အစီအစဉ်များက ပိတ်ဆို့ထားသော အပယ်ခံ အထီးကျန်နိုင်ငံ ဖြစ်နေဆဲပင်ဖြစ်သည်။

အစိုးရက ပြုပြင်ပြောင်းလဲမှုများအကြောင်း ထုတ်ဖေါ် ပြောဆို လာအောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအောင် ပိုမို ပွင့်လင်းသည်းခံ လာသည့် ပုံစံ ပေါ်လွင်အောင် ကြိုးစားရန် ၎င်း (အစိုးရ) ၏ ရောင်းရင်း အပေါင်းအသင်းများက အကြံပေးလမ်းညွှန်ဖွယ် ရှိသည်ဟု အချို့က ဆိုသည်။

စီးပွားရေး အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် ကြားညှပ်တည်ရှိကာ သဘာဝဓါတ်ငွေ့၊ ကျွန်းနှင့် သစ်မာ၊ ကျောက်မျက် ရတနာများ ကြွယ်ဝသော နိုင်ငံ၏ ဆင်းရဲနွမ်းပါးသော ပြည်သူ သန်း ၅၀ အပေါ် ထောက်ထားကာ အရေးယူဒဏ်ခတ်မှုများ ရုတ်သိမ်း ပးရန် သီးခြားစီ စည်းရုံးလုပ်ဆောင်နေကြသည့် နိုင်ငံစုံ ကုမ္ပဏီကြီးများနှင့် အတူ အနောက်နိုင်ငံအစိုးရများကလည်း လက်ရှိ အခြေအနေကို စောင့်ကြည့် လျက် ရှိကြသည်။

အစိုးရက လတ်တလော ပြသလိုက်သည့် လက္ခဏာများတွင် ခွဲထွက်ရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးရေး၊ ပညာရှင်များ၊ နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များကို သမ္မတ က တွေ့ဆုံခြင်း၊ ပြစ်တင် ဝေဖန်မှုကို အနည်းငယ်သည်းခံလိုက်လျောလာခြင်း၊ ပြန်လည် သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စ အပေါ် တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ခြင်း စသည်တို့ ပါဝင်သည်။

အခြား လက္ခဏာ တစ်ခုမှာ အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် စာတမ်းများကို စာမျက်နှာ ထက်ဝက်မျှ နေ့စဉ်ဖေါ်ပြပေးနေသည့် နိုင်ငံပိုင် သတင်းစာများမှ ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

ရန်ကုန် အခြေစိုက် သံတမန်များက အစိုးရ၏ ပြောင်းလဲရေးလေသံ ထွက်လာခြင်းကို အံ့အားသင့်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသော်လည်း ပိုမို အဓိကကျ၍ ကြီးမားသော ပြောင်းလဲ တိုးတက်မှုများ ကို မြင်တွေ့လိုသည်ဟု ပြောကြားကြသည်။

အနောက်သံတမန်တစ်ဦးက “ယခုအချိန်အထိတော့ မဆိုးပါဘူး၊ ဆက်လက် ပြောင်းလဲတိုးတက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကောင်း ဖက်က မြင်တယ်လို့ ဆိုနိုင်ပေမယ့် စောင့်ကြည့်ရဦးမှာပါ” ဟု မှတ်ချက်ပေးသည်။

လွှတ်တော်အမတ်များကြားတွင်လည်း အလားတူ သုံးသပ်လျက် ရှိသည်။ ပါတီအာဘော်နဲ့ မဆိုင်ဘဲ လွှတ်တော်အမတ်တွေရဲ့ ပုဂ္ဂလိက မှတ်ချက်ကတော့ အခြေအနေဟာ အရင်ကထက်ပိုပြီး အကောင်းဖက်ကို ရောက်လာနေတယ်ဆိုတဲ့ အချက်ပါပဲဟု ပြောကြားသူမှာ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ဦးအေးမောင် ဖြစ်သည်။

ယခု အပြောင်းအလဲများကို သမ္မတ ဦးသိန်းစိန်က သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းလား (သို့) သူ၏ ဆရာဖြစ်သူ အာဏာစက် ပြင်းသော၊ ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခိုင်း၍ ပြုလုပ်ခြင်းလား ဆိုသည့် အချက်မှာမူ သဲကွဲစွာ မသိကြရပါ။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက ကြိုဆိုလိုက်သလို ပွင့်လင်းမြင်သာသော ဆွေးနွေးမှုဖြင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ကို ထောက်ခံသည်ဟု ဝါရှင်တန်က ထုတ်ဖေါ်ပြောကြားလိုက်သည်။

စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုကို လက်ခံကာ အခွင့်အလမ်းကို ဖမ်းဆုပ်ခြင်းသည် အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားခဲ့သည်။

လက်ခံရေးအတွက်တွန်းအား

မြန်မာအစိုးရသည် ၎င်းတို့ မရှုံးနိမ့်လိုသည့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို ၂၀၁၄ တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ လုပ်ခွင့်ရရေးအတွက် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကို စည်းရုံးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း Harvard University မှ မြန်မာ နိုင်ငံရေးသိပ္ပံ ပညာရှင် ဦးဝင်းမင်းက ပြောကြားသည်။

အာဆီယံ အိမ်ရှင်ဖြစ်ရေးသည် အရေးကြီးသည်ဟု အစိုးရက ယူဆရသည့်အကြောင်းမှာ အရေးယူဒဏ်ခတ်မှု Sanctions များ လျှော့ပေါ့ခြင်း၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီရ လာနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် နိုင်ငံတကာ လက်သင့်ခံမှု အနေအထားတစ်ရပ်ကို ကိုယ်စားပြု နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဝင်းမင်းက သုံးသပ်ပြောကြားသည်။

တစ်နှစ်အတွင်း ၂၀% တန်ဖိုးတက်ကာ လယ်သမားများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဘဏ်ချေးငွေ မဆပ်နိုင်သော လုပ်ငန်းများကို များစွာ ထိခိုက် နစ်နာစေခဲ့သည့် ကျပ်ငွေပြဿနာကို မည်သို့ကိုင်တွယ်မည် ဆိုသည့်အပေါ် တိုင်ပင်ဆွေးနွေးရန် အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကို အောက်တိုဘာလတွင် လာရောက်ရန် မြန်မာအစိုးရက ဖိတ်ခေါ်ထားပြီး ဖြစ်သည်။

လအတန်ကြာ မလှုပ်ရှားမှုကြောင့် စောင့်ကြည့်သူတို့ ဒေါသများ ဆူဝေလာချိန်တွင် အစိုးရက ပို့ကုန်လုပ်ငန်းများကို အခွန်လျှော့ပေးခြင်း၊ စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးရန် ကတိပြုခြင်း၊ သန်းပေါင်းများစွာသော လယ်သမားများကို ဈေးနှုန်းအာမခံခြင်းတို့ ပြုလုပ်ခြင်းသည် “နေ့စဉ် စားဝတ်နေ ရေး ကိစ္စအပေါ် အကိုင်အတွယ် မှားသွားပါက ၁၉၈၈ နှင့် ၂၀၀၇ ကဲ့သို့ သွေးမြေကျ အရေးတော်ပုံများ ထပ်ဖြစ်ပွားနိုင်သည်” ကို စိုးရိမ်ပူပန်နေခြင်း ဖြစ် ကြောင်း ညွှန်ပြနေသည်။

ဝါရှင်တန် Georgetown University မှ မြန်မာ့ရေးရာ အကဲခတ် David Steinberg က ပြောကြားသည်မှာ “အထူးသဖြင့် နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခြင်းကဲ့သို့သော သိသာထင်ရှားသည့် အလျှော့ပေးမှုများ မရှိခြင်းသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုတို့ မကြာမီအတွင်း ပေါ်ထွက် လာရန် မရှိဟု ဆိုလိုရာ ရောက်သည်” ဟူ၍ ဖြစ်သည်။

သို့သော်လည်း ယခု ပြသသည့် လက္ခဏာများမှာ အရေးကြီးသည့် အချက်ပြမှု များ ဖြစ်သောကြောင့် မြန်မာအစိုးရအား သူကိုယ်တိုင် သက်သေ ပြဖို့ အခွင့်အရေးပေးရမည်ဟု Steinberg က ပြောကြားသည်။

ကျွန်တော်တို့ မြင်နေရတဲ့ ပြောင်းလဲမှု အလားအလာဟာ အရင်တုန်းက မမြင်ဘူးခဲ့တဲ့အရာတွေ ဖြစ်ပါတယ်၊ ဒါကို ဟန်ဆောင်ပြောင်းလဲမှုလို့ ယူဆသူတွေဆီက သဘောကွဲလွဲဝေဖန်မှုတွေ အများကြီးရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီကိစ္စဟာ ဟန်ဆောင်လှည့်စားမှုလို့ ဆိုဦးတော့၊ အမှန်တကယ် ဖြစ်လာ နိုင်တဲ့ အလားအလာကိုတော့ ကျွန်တော်တို့ အနည်းဆုံး ပွင့်လင်းစွာ လက်သင့်ခံရမှာပါ” ဟု Steinberg က ပြောကြားလိုက်သည်။