29 August 2011

မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားအခွင့်အရေး အပြည့်အဝ မရရှိသေးကြောင်း

မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော လုပ်သားအများစု၌ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရရှိသေးကြောင်း သိရသည်။

မိသားစု စားဝတ်နေရေး အဆင်ပြေနိုင်စေရန် စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နေရသည့် ပြည်တွင်းလုပ်သား အများစုမှာ အလုပ်ချိန် ပိုမို များပြားခြင်း၊ အလုပ်နားရက်အပြည့်အဝ မရရှိခြင်း၊ ခွင့်ပျက်ရက်များအတွက် ဒဏ်ကြေးပေး ဆောင်ရခြင်း၊ အချိန်ပိုကြေး နည်းပါးခြင်း စသည့် ဒဏ်များ ကိုသာ အပြည့်အဝ ခံစားရလျက်ရှိကြောင်း သိရသည်။

ယခင် ပြည်တွင်းရှိ စက်ရုံများတွင် အခြေခံဝန်ထမ်းခေါ်ယူမှု အေးစက်နေရာမှ ယခုအခါ အခြေခံဝန်ထမ်း ပြန်လည်ခေါ်ဆိုမှုများ တိုးမြင့်လာ ကြောင်း သိရသည်။ ထိုသို့ အခြေခံဝန်ထမ်း ခေါ်ဆိုမှု ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရှိ အခြေခံလုပ်သားများ၏ အလုပ်သမား အခွင့် အရေးမှာမူ အပြည့်အဝရရှိခြင်း မရှိသေးကြောင်း သိရသည်။

ထိုကြောင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန် သွားရောက်လျှောက်ထားမည့် အလုပ်သမားများအနေနှင့် အင်တာဗျူးဝင်စဉ် ကတည်းကပင် အလုပ်ပိတ်ရက်နှင့် ခွင့်ရက်ရရှိနိုင်မည့် ရက်များကို သေချာစွာမေးမြန်းထားပြီး ထိုသို့ မေးမြန်းထားခြင်း မရှိပါက အလုပ်ခွင် ဝင်ရောက် သည့်အချိန်တွင် အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိခြင်း မရှိဘဲ အလုပ်ရှင်များက သတ်မှတ်ပေးမည့် စည်းကမ်းများအရ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတင်း: Modern