01 September 2011

မြန်မာပြည်တွင်း လေယာဉ်များယနေ့ချိန်ထိ ပြည်သူများအတွက် လုံးဝ စိတ်မချရသေးပါဘူး..။

ရန်ကုန်-မန္တလေး ခရီးစဉ်သွား Air Bagan ပိုင် လေယာဉ်တစ်စင်း ပျံသန်းနေစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လှည့်ကာ စက်ပိုင်းဆိုင်ရာပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိပါသည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၀ရက်နေ့ နံနက် ၈ နာရီ၌ flight နံပါတ် 011 ဖြင့် ထွက်ခွာလာသည့် Air Bagan ၏ ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ထွက်ခွာပြီး နာရီဝက်ခန့်အကြာ၌ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး ပြင်ဆင်ရန် ရန်ကုန်လေဆိပ်သို့ ပြန်လည် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"လေယာဉ်စထွက်ပြီး နာရီဝက်လောက်အကြာမှာ ခရီးသည်တွေရဲ့ ခေါင်းပေါ်မှာထားတဲ့ အရေးပေါ်သုံး အသက်ရှုကိရိယာတွေ ကျလာပါတယ်။ အဲယားကွန်းလည်း ပျက်သွားပုံရပြီး တဖြည်းဖြည်း အသက်ရှု ကျပ်လာတယ်။ ဒါနဲ့ လေယာဉ်မှူးကနေ လေဖိအားပိုင်းနဲ့ ပတ်သက်တဲ့ ပြသာနာရှိလို့ ရန်ကုန်ကို ပြန်လှည့်မှာဖြစ်ပြီး စိုးရိမ်စရာ မရှိဘူးဆိုပြီး ကြေညာပါတယ်။ ရန်ကုန်ပျံတဲ့အချိန်မှာ တချို့ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ယပ်တောင်နဲ့ လေရအောင် ခတ်ပေးနေရတယ်။ ခရီးသည် တော်တော်များများလည်း နားအူတာကို ဆိုးဆိုးရွားရွား ခံစားရတယ်"ဟု အဆိုပါခရီးစဉ်ဖြင့် လိုက်ပါကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စာရေးဆရာ စိုးဘားဒိုင်က ပြောပြခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ပါဝင်သည့် ခရီးသည်များအား ဖော်ကာလေယာဉ် နှစ်စင်းဖြင့် သွားရောက်လိုသည့် ခရီးစဉ်များကို ပို့ဆောင်ပေးခဲ့ကြောင်း Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။