29 August 2011

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်မမဲဆန္ဒနယ်မြေများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက် ပွဲတွင် ပြည်မမဲဆန္ဒ နယ်မြေ များတွင်ပါဝင်ယှဉ်ပြိုင်ခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် က ပြော သည်။

``ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ရယူပြီး ပြည်မမဲဆန္ဒနယ်မြေတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ဆုံးဖြတ် လိုက်တာပါ´´ ဦးစောသန်းမြင်က ပြောသည်။

သြဂုတ် ၁၇ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်များပါဝင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေး ဆွေးနွေးပွဲ ကို ပြုလုပ်ပြီးနောက်ပိုင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

``ကျွန်တော်တို့ ပါတီက သက်တမ်းနုသေးတယ်။နောက်ရန်ပုံငွေကလည်း နည်းနေသေး တာတယ်။ ဒီအခြေအနေတွေကို ဗဟိုအလုပ်အမှုဆောင်တွေကို တင်ပြပြီး ပြည်မမဲဆန္ဒနယ်တွေမှာ မပါတော့ဖို့ ညှိနှိုင်းတော့ မြို့နယ်နှစ်မြို့နယ်ကကန့်ကွတ်တယ်။ ထောက်ခံတဲ့ မြို့နယ်တွေက ထောက်ခံသလို အများစုကတော့ ကြားနေပုံစံရှိခဲ့တာကြောင့် ခုလို ဆုံးဖြတ်ခဲ့တာပါ´´ ဟု ဦးစောသန်းမြင့်က ပြောသည်။

အဆိုပါပါတီသည် မူလက လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မိတ်ဆက်အနေဖြင့် ပြည်မမဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သော်လည်း မိတ်ဆွေပါတီများအတွင်း မဲဆန္ဒနယ်ညှိနှိုင်းမှုများတွင် ထိပ်တိုက်ညှိနှိုင်းရသည့် အခြေအနေများ ပေါ်ခဲ့သောကြောင့် ရှမ်းပါတီက ယခုကဲ့သို့ ဆုံးဖြတ်လိုက်သဖြင့် မိတ်ဆွေပါတီများကြား အမျိုးသားဒီမိုကရေစီအင်အားစု ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်တို့ပါတီကြား ကြားဖြတ်ရွေးကောက်ပွဲ အတွက် နှစ်လကြာ မဲဆန္ဒနယ်ညှိနှိုင်းမှု လိပ်ခဲတည်းလည်းဖြစ်နေမှု အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ထိုသို့ မဆုံးဖြတ်မီ အချိန်က ရှမ်းပါတီနှင့် အန်ဒီအက်ဖ်ပါတီကြား မဲဆန္ဒနယ် နယ်မြေ ၂၀ ခန့်ကို ခွဲဝေကြရမည့် အခြေအနေ ကြုံကြိုက်နေခြင်းဖြစ်သည်။ထိုမဲဆန္ဒနယ်မြေ ၂၀ ခန့်တွင် အန်ဒီအက်ဖ်ပါတီက ၁၇ နေရာ ၀င်ရောက်ရန် ဆုံးဖြတ်ထားသကဲ့သို့ ရှမ်းပါတီကလည်း ၁၅ နယ်မြေ ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုဆုံးဖြတ်ချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ မဲဆန္ဒနယ်မြေ ငါးနေရာခန့်တွင်သာ ပါဝင်ယှဉ်ပြိုင်တော့မည်ဖြစ်သည်။

သတင်း..နေလင်း(မြစ်မခ)