03 September 2011

မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

(TIME မှ 31 August 2011 ရက်စွဲပါ “Is Burma’s Notorious Military Junta Reforming?” သတင်းဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ “မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်” ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား “အပြောင်းအလဲ ဖြစ်လာပြီ လား” ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှား မှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့ သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခု သည် နောက်ဆုံး တွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ “စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး”ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ “ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့် မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ” ဟု ယင်းက ဆက်လက် ပြောဆိုသည်။

အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ

(၁) သမ္မတသစ်

ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ “သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ “သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိ သူများနှင့် လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ

အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ “တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ” ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ

မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန် အုံကြွမှုကို ကြောက်ရွံ့ခြင်း သာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။