31 August 2011

ရန်ကင်း၊ သစ္စာကံဘဲလမ်းပေါ်က ဆိုင်ခန်း(၂၀)ကျော်ရဲ့အလုပ်အကိုင် အခွင့်အလမ်းများအတွက် အသနားခံစာ တင်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊သစ္စာ(ကံဘဲ)လမ်းမပေါ်ရှိ မြန်မာ-သိပ္ပံနှင့်နည်းပညာ သုတေသနဦးစီးဌာန၊၀န်ထမ်း သာရေးနာရေး ထောက်ပံမူကော်မတီမှ ပိုင်ဆိုင်သော ဆိုင်ခန်း(၂၀)ကျော်အား စက်တင်ဘာလ ကုန်မှစတင်၍ ဖယ်ရှားခိုင်းလျက်ရှိရာ အဆိုပါဆိုင်ခန်းငှားရမ်းသူများမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကုန်သည့်အထိ ဆက်လက် အငှားချပေးရန်အတွက် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထံသို့ အသနားခံစာတင်သွင်းမည်ဖြစ်ကြောင်း ဆိုင်ခန်းငှားရမ်း အသုံးပြုသူများထံမှ သိရှိရသည်။

“ကျွန်တော်တို့ဆိုင်ခန်းတွေမှာ သွင်းကုန်အစားထိုးထုတ်လုပ်တဲ့လုပ်ငန်းအများစုပါဝင်တော့ အရောင်း ဆိုင်တွေလျော့လိုက်ရင် ထုတ်လုပ်တဲ့ နေရာကလူတွေလည်း လျော့ချရမှာဖြစ်တဲ့အတွက် အလုပ် အကိုင်အခွင့် အလမ်းလေးကို စဉ်းစားပေးဖို့အတွက် ဒီဘဏ္ဍာနှစ်မကုန်ခင်အထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုချင်တာပါ” ဟု အဆိုပါဆိုင်ခန်းများရှိ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသည့် အထည်ချုပ် လုပ်ငန်းရှင် ဦးကိုကိုဦးက ပြောသည်။

ပြောင်းရွှေ့ဖယ်ရှားပေးရမည့် ဆိုင်ခန်းများမှ သွင်းကုန်အစားထိုးကိုယ်တိုင်ထုတ်လုပ်ဖွင့်လှစ်ရောင်းချ သည့် အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ ကိတ်မုန့်ဆိုင်၊ ဆောက်လုပ်ရေးအလှဆင်အရောင်းဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်နှင့် စားသောက်ဆိုင်များပါဝင်သည့် ဆိုင်ခန်း(၂၃)ခန်း ပါဝင်ကြောင်းသိရှိရသည်။

မြန်မာသိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာ ၀န်ထမ်းများသာရေး၊ နာရေးထောက်ပံ့မှုကော်မတီပိုင် သစ္စာ(ကံဘဲ့)လမ်းမပေါ်ရှိ ဆိုင်ခန်းများအား၂၀၁၁ခုနှစ်စက်တင်ဘာလ၃၀ရက် မှ ဆက်လက်ငှားရမ်းခြင်းမပြုရန်
ပြည်ထောင်စုဝန်ကြီးရုံးမှညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ၀န်ထမ်းများ သာရေးနာရေး ထောက်ပံ့ မှု ကော်မတီ၏ သြဂုတ်လ ၂၂ရက်နေ့အစည်းအဝေးမှတ်တမ်းအရသိရှိရသည်။

“နိုင်ငံတော်အနေနဲ့ တင်ဒါစနစ်နဲ့ ရောင်းဝယ်ထားတာမျိုး၊ စီမံကိန်းအဆောက်အဦးချက်ချင်း ဆောက် လုပ်မယ့် စီမံကိန်းမျိုးမရှိဘူးဆိုရင် ဒီအတိုင်းခွင့်ပြုတာက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းရတာပေါ့၊ ကျွန်တော်တို့အနေနဲ့ သက်တမ်းတိုးခွင့်ပဲ တောင်းတာပါ။နိုင်ငံတော် အတွက် ဒီဆိုင်ခန်း တွေက အနှောက်အယှက်မဖြစ်ဘူးဆိုရင် ဒီဘက်ဂျက်နှစ်ကုန်အထိ ဖွင့်လှစ်ခွင့်ရဖို့ အသနားခံစာတင်သွားမှာ ပါ”” ဟု ဆိုင်ခန်းများသက်တမ်းတိုးမြင့်ရရှိရန်အတွက် ဆိုင်ခန်းအားလုံးကိုယ်စား စီစဉ်ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

အဆိုပါဆိုင်ခန်း(၂၃)ခန်းအနေဖြင့် ဆိုင်ခန်းပြောင်းရွှေ့မှု အပေါ်သက်တမ်းတိုး လိုသည့် ကိစ္စအ တွက် ပြည်ထောင်စုဝန်ကြီး၊သက်ဆိုင် ရာ တိုင်းဒေသကြီးကိုယ်စားလှယ်၊နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ အသ နား ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊တက္ကသိုလ်၊ကောလိပ်၊သိပ္ပံကျောင်းများပိုင် ဆိုင်ခန်း (၁၉၈) ခန်းအနက် တက္ကသိုလ်၊ကော်လိပ်သိပ္ပံကျောင်းများ စည်းကမ်းထိန်းသိမ်းရေး နှင့် သက်သာချောင်ချိ ရန်အတွက်ဖွင့်လှစ်ပေးထားသော စားသောက်ဆိုင်များမှအပ ကျန်ဆိုင်ခန်းများအား ဆက်လက်ငှားရမ်းခြင်း မပြုကြောင်း၊ အဆိုပါဆိုင်ခန်းများအား(၂၀၁၁- ၂၀၁၂) ဘဏ္ဍာနှစ် အတွက် လစာကျသင့်ငှားရမ်းခငွေအား(၁၉.၈.၂၀၁၁)ရက်နေ့ နောက်ဆုံးထားလက်ခံခဲ့ပြီးမှ (၂၂.၈.၂၀၁၁) ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက် အဆက်လက်ငှားရမ်းခြင်းကို ခွင့်မပြုတော့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း....ကြယ်စင်(မြစ်မခ)