02 September 2011

စည်ပင်၊ ရဲတို့နှင့် ဈေးသည်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု၊ ဈေးသည်နှစ်ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁ရက်နေ့ နေ့လည်တစ်နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း သိမ်ကြီးဈေး ၂၆လမ်း ထိပ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်နှင့် ဈေးသည်များ အချင်းများရာမှ ရဲများပါ ပါဝင်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ ဈေးသည်အမျိုးသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရ ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပလက်ဖောင်းပေါ်တွင် ဈေးမရောင်းရန် တားမြစ်သော စည်ပင်ဝန်ထမ်းကို ဈေးသည်က မချေမငံ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း၊ စည်ပင်က ဈေးဗန်းကို သိမ်းဆည်း၍ ဈေးသည်က ပြန်လှန်ဆွဲရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ မကြာမီ ရဲကားရောက်လာပြီး ရဲများနှင့်ပါ ဈေးသည်နှင့် အချင်းများခဲ့ကြောင်း၊ ဈေးသည်အမျိုးသားနှစ်ဦးကို ရဲကားပေါ်သို့ ဖမ်းဆီးတင် ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

“ အမှန်ကတော့ ဈေးရောင်းခွင့်မရှိတဲ့နေရာကို ရောင်းတာကိုး၊ အရင်က စည်ပင်နဲ့ ပြေပြေလည်လည်ပြောရင် ရပါတယ်၊ စည်ပင်က သိမ်းသွားဦး တောင်မှ တောင်းတောင်းပန်ပန်နဲ့ ညှိနှိုင်းလိုက်ရင် အဆင်ပြေပါတယ်၊ အခုဟာက ဈေးသည်ကလဲ သွားပြီး ကလန်ကဆန် ပြန်လုပ်တော့ စည်ပင်က ရဲကို ခေါ်လိုက်တာ ၊ အဲ့ဒီမှာ ဆွဲကြရမ်းကြနဲ့ ပန်းသီးဗန်းတွေ မှောက်ကုန်တယ်၊ ပန်းသီးရောင်းတဲ့ အမျိုးသားနှစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု မာလကာသီး ရောင်းသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဖြစ်ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

“ ဟိုနေ့ကလည်း စည်ပင်ဝန်ထမ်းကို ဈေးသည်က ရိုက်လိုက် တာ၊ သွေးထွက် သံယိုဖြစ်သွားလို့ ဈေးသည်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က ( ၃၁ရက်နေ့၊ သြဂုတ်လ) ကလည်း လသာ ၁၇လမ်းရှိ ရွှေဂုဏ်သူ မုန့်ဟင်းခါးဆိုင်အနီးတွင် စည်ပင်အမှိုက်သိမ်းယာဉ်မှ ဝန်ထမ်း များက အမှိုက်များလာရောက်ချ၍ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် ဦးအောင်ဖေမြင့်က ကန့်ကွက်ပြောဆိုရာမှ စည်ပင်ရဲများနှင့် အချင်းများခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေကြီး အစိုးရ တာဝန်ယူချိန်မှစ၍ လမ်းဘေးပလက်ဖောင်းများတွင် ညနေ ၃နာရီမှ ၈ နာရီအထိသာ ပျံကျဈေးသည်များ ဈေးရောင်း ခွင့်ပြုတော့သော်လည်း ဝန်ကြီးနှင့်၊ မြို့တော်ဝန် စစ်ဆေးသည့်အချိန်မှလွဲ၍ ကျန်ချိန်များတွင် စည်ပင်ဝန်ထမ်းများနှင့် နားလည်မှု ယူရောင်းချ၍ ရသည်ဟု ဈေးသည် များ၏ ပြောကြားချက်အရ သိရှိရသည်။

သတင်း... YC