30 August 2011

ပြည်တွင်းမှာ အရင်က ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များ ပြန်လည်ဖွင့်လှစ်ပေးလာ

အင်တာနက် အသုံးပြုသူများ ကြည့်ရှုရန်အတွက် ပိတ်ပင်ထားခဲ့သော ဝက်ဘ်ဆိုက်အချို့သည် ယခုလ အတောအတွင်း ပြန်လည်ကြည့်ရှုလာနိုင်ခဲ့ကြောင်း နေ့စဉ်အင်တာနက် အသုံးပြုသူများက ပြောသည်။ “သိပ်မကြာသေးဘူး။ နေပြည်တော်မှာ လွှတ်တော် စတင်ကျင်းပပြီးတဲ့ နောက်ပိုင်းရက်တွေမှာ ပွင့်လာတာ ဖြစ်ပါတယ်။ အသုံးပြုသူ အနေနဲ့ကတော့ သတင်းအချက်အလက်မျိုးစုံကို ဝက်ဘ်ဆိုက်တိုင်းကနေ အလွယ်တကူ ရနေတာ ကောင်းပါတယ်။ သတင်းအပေါ်မှာ ယုံကြည်တယ်ဆိုတာကတော့ ဖတ်တဲ့လူရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ သတင်းလာတဲ့ အရင်းအမြစ်အပေါ်မှာ မှုတည်ပါတယ်။ အကောင်းအဆိုးတော့ ရှိမှာပါပဲ”ဟု နေ့စဉ် အင်တာနက် အသုံးပြုနေရသည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ ယခင်က Proxy များ အသုံးပြု၍ ကျော်လွှားကြည့်ရှုရသော အင်တာနက် ဝက်ဘ်ဆိုက်များသည် ယခုအခါ၌ လွယ်ကူစွာ ကြည့်ရှုလာနိုင်ခဲ့သော်လည်း ကွန်နက်ရှင် အမြန်နှုန်းမှာမှု အနည်းငယ် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ပြန်လည်အသုံးပြုခွင့် ရရှိလာသော အင်တာနက် ဝက်ဘ်ဆိုက်များတွင် နာမည်ကြီး ပြည်ပသတင်းဝက်ဘ်ဆိုက် များနှင့် ဘလော့ဒ်ဝက်ဘ်ဆိုက်များ ပါဝင်ခဲ့ကြောင်း သိရသည်။ “၂၃ ရက်နေ့က ကျွန်တော်ဘလော့ဒ်ကို ဖွင့်လိုက်တာ Proxy အသုံးပြုစရာ မလိုဘဲ အလွယ်တကူ ပွင့်လာတယ်။ ကျွန်တော်ဘလော့ လွယ်ကူစွာ ပွင့်လာတာကို ကျွန်တော် မယုံနိုင်ဘူးဖြစ်နေတယ်။ တကယ်ကို ပွင့်နေတော့မယ် ဆိုရင်တော့ ကျွန်တော်တို့ မျက်စိတွေ၊ လက်တွေကို လွတ်လပ်ခွင့် ပေးလိုက်တယ်လို့ ခံယူမိပါတယ်”ဟု ကိုယ်ပိုင်ဘလော့ဒ် တင်ထားသူ တစ်ဦးက ပြောသည်။

ရတနာပုံတယ်လီပို့မှ ရယူသုံးစွဲသော အင်တာနက်လိုင်းများသည် သြဂုတ်မှ စတင်၍ အင်တာနက် ဝက်ဘ်ဆိုက်များကို လွယ်ကူစွာ အသုံးပြုခွင့် ရရှိလာခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ရယူသုံးစွဲသည့် အင်တာနက်လိုင်းများမှာမူ တစ်နှစ်တာ ကာလအတွင်း အချို့သော ဝက်ဘ်ဆိုက်လိပ်စာများကို ကြိုတင် အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။