20 March 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်တည်ရေး နည်းလမ်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း တင်ပြဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအတွင်း ပါတီဆက်လက်ရှင်သန်ရပ်တည်ရေး ကိစ္စများကို ပြီးခဲ့သည့် တနင်္လာနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း သိရသည်။




အဆိုပါ ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေးတွင် ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်သည်မှာ ကြာပြီဖြစ်သည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ရောက်ကြောင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။




“ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် အဲဒီနေ့က အစည်းဝေးတက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီအပြင် ဗဟိုအလုပ်ကော်မတီဆိုတာ ရှိပါတယ်။ အဲဒီနေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုအလုပ်ကော်မတီထဲက အဖွဲ့ဝင်တချို့ပါ အစည်းဝေးတက်ပါတယ်” ဟု ၄င်းကပြောသည်။




အဆိုပါအစည်းအဝေးတွင် ပါတီမှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်၍ ဦးအောင်ရွှေက အကြံပြုတင်ပြခဲ့သည်ဟု သိရသည်။




“ဥက္ကဋ္ဌက အဲဒီနေ့မှာ အစည်းဝေး စစချင်းပဲ ကျနော်တို့က ဒီနေ့ကတော့ ပုံမှန်ကိစ္စတွေအပြင် ပါတီမှတ်ပုံတင်တဲ့ကိစ္စ၊ ပါတီဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးကြရအောင်ပါလို့ ပြောတယ်။ အကြံပြုချက်တခုပြောတယ်။ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့က အခု ဥပဒေနဲ့ပတ်သက်လို့ ကျနော်တို့မှာ နစ်နာချက်တွေဘာတွေရှိရင် အဲဒီနစ်နာချက်တွေကို ကျနော်တို့ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကနေ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပါတဲ့။ လုပ်နိုင်တဲ့ နည်းလမ်းတွေကို အကြံဉာဏ်တွေနဲ့ ကျနော်တို့ဆီ တင်ပြပါလို့ပြောတယ်။ တဆက်တည်းမှာ ပါတီကို မှတ်ပုံတင်ရင် ကောင်းမလားလို့ အကြံပြုပါတယ်။ သူ့အဆိုကပေါ့ဗျာ အမှုကိစ္စတွေ ဘာတွေ ရုံးတင်ဖို့ အမှုရင်ဆိုင်ဖို့ရှိနေတော့ ဒါတွေကို လုပ်ဖို့အတွက် ပါတီဆိုတာရှိနေဖို့ လိုအပ်မနေဘူးလား ဆိုပြီး သူကတင်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။




ယင်းသို့ ဦးအောင်ရွှေက ပါတီမှတ်ပုံတင်ရေးကိစ္စ အကြံပြုတင်ပြချက်ကို (CEC)အဖွဲ့ဝင်အချို့က ပြန်လည်ဆွေးနွေးတင်ပြချက် ရှိကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ပစ်ပြီးမှ ပါတီမှတ်ပုံတင်ခွင့်ရမည့် အခြေအနေဖြစ်နေသည်ကို လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ပြောဆိုကြသည်ဟု သိရသည်။




“ဥပဒေအတိုင်း လိုက်နာရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ထုတ်ပစ်ရမယ်၊ ဒါဆိုမလျော်ညီဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပြီးမှ ကျနော်တို့က သွားပြီး မှတ်ပုံတင်ရမယ့်သဘောဖြစ်နေတယ်။ အဲဒါကိုတော့ ဘယ်လိုမှ လက်ခံလို့မရနိုင်ဘူးလို့ ကျနော်တို့က ဆွေးနွေးကြပါတယ်။ တချို့ကလည်း ပါတီမှတ်ပုံတင်ဖို့ စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးမှာ နောင်လာနောက်သားတွေကလည်း ဆက်လက်ပြီး ဒီပါတီကို သယ်ဆောင်ပြီးတော့ လုပ်သွားကြမှာတွေ ရှိတယ်ပေါ့။ အဲလို ပြောကြတာတွေလည်းရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။




ယခုကဲ့သို့ ပါတီတွင်းဆွေးနွေးကြခြင်းမှာ သဘောထားကွဲပြားခြင်း မဟုတ်ကြောင်း၊ ဆုံးဖြတ်ရမည့်ကိစ္စအတွက် နည်းလမ်းများကို ဆွေးနွေးစဉ်းစားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။




“ဘာလုပ်ရမယ်ဆိုတာကို အသေဆုပ်ပြီးပြောကြတာ မဟုတ်ပါဘူး။ တချို့က မှတ်ပုံတင်မလားလို့ စဉ်းစားတဲ့အခါ ကျနော်တို့ကလည်း မှတ်ပုံတင်ရင် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမှာ။ ကျနော်တို့ပြောတာက ဥပဒေကို ပြောနေတာ။ ဒီဥပဒေကို ပြင်လို့မရတော့ဘူးလား၊ ဒါကိုမပြင်ဘဲနဲ့ ဒီလိုပဲ ထုတ်ပစ်ရတော့မှာလားဆိုတာကို နည်းလမ်းတွေ စဉ်းစားကြတာပါ။ တချို့က သူ့ဘာသာဖျက်ရင် ဖျက်ပစေပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် နာမည်ထည့်တင်လိုက်မယ်ဆိုတဲ့ သူတောင်ရှိသေးတယ်။ ဒီလိုပဲ စဉ်းစားကြတာပါ။ ဒီဥပဒေအပေါ်မှာ အမျိုးမျိုးတုံ့ပြန်ကြတဲ့သဘောပေါ့” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။




လာမည့် မတ်လ (၂၉) ရက် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးတွင် ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးမှုများနှင့် သဘောထားများရယူကာ ပါတီရပ်တည်ရေးကိစ္စကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။




အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်ရွှေ စဉ်းစားသည့် နည်းလမ်းရှိသကဲ့သို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ပါတီမှတ်ပုံမတင်ရေးကို အဆိုပြုကြောင်း သိရသည်။




အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ်ပြိုင်က မေးမြန်းရာတွင် ဦးဝင်းတင်က “ကျနော်ကတော့ မှတ်ပုံမတင်ဖို့ကို အဆိုပြုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမှာကို ကျနော်လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ဖို့ စစ်အစိုးရလုပ်နေတာ တလျှောက်လုံး ၁၉၉၀ နောက်ပိုင်းကတည်းက လုပ်လာတာ။ အခု ဒီလိုင်းကိုပဲ ပြန်ဖော်ပြန်ပြီ။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်လည်းမဖြစ်သေးဘူး။ ကျနော်တို့ကလည်း ကန့်ကွက်တဲ့ဟာနဲ့ ဒီလိုအတည်မဖြစ်သေးတဲ့ အခြေခံဥပဒေနဲ့ ကျနော်တို့ကိုပြန်ပြီး ခံဝန်ချက်တွေနဲ့ ဒီအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ မလိုအပ်ဘဲလုပ်တာဟာ ကျနော်တို့ဦးကျိုးအောင် နိုင်ငံရေးသိက္ခာကို ပျက်အောင်လုပ်တာပဲ။ ဒီနှစ်ချက်နဲ့ ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ပြောသည်။




ပါတီတည်မြဲရေးကို လိုလားသော်လည်း ယခုပါတီတည်မြဲရေးပုံစံသည် နိုင်ငံရေးမရှိဘဲ စစ်အစိုးရခိုင်းတာလုပ်ရမည့် ပုံစံဖြစ်နေသဖြင့် လက်မခံနိုင်ကြောင်း၊ သို့သော် တတ်နိုင်သမျှ ညီညီညွတ်ညွတ်နှင့် တသဘောတည်းဖြစ်စေရန် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။




“ကျနော်က ပါတီကို မကွဲစေချင်ဘူး။ မှတ်ပုံမတင်လည်း တသံတည်း၊ မှတ်ပုံတင်မယ်ဆိုလည်း တသံတည်းဖြစ်ဖို့ကောင်းတယ်။ အဲလိုမှ မဖြစ်ဘူးဆိုရင်တော့လည်း မဲခွဲတာတွေ ဘာတွေ ရောက်လာမှာပဲ၊ အရေးကြီးဆုံးကတော့ ပါတီမှာ ကျနော်ကတော့ နိုင်ငံရေးရှိစေချင်တယ်။ ပါတီမရှိတောင်မှ နိုင်ငံရေးတော့ ရှိသင့်တယ်” ဟု ၎င်းက ပြောသည်။




နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။




ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။




ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားပြီး အားလုံးပါဝင်သော လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရန် နအဖစစ်အစိုးရအား တောင်းဆိုလျက်ရှိသည်။



သတင်းရင်းမြစ်..ခေတ်ပြိုင်