18 March 2010

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ ...




မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။

စစ်ကြောင်းမှူး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်သည့် ခမရ ၅၂၅ နှင့် ခမရ ၉၉မှ အင်အား ၄၂ ဦးပါ ပူးပေါင်းလှုပ်ရှား စစ်ကြောင်းအား သျှမ်းတပ်က နေ့လည် ၁၁ နာရီခွဲခန့်တွင် ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွား ချိန် ၃ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ်များဖြစ်သော MA1 တစ်လက် ၊ MA2 နှင့် M79 လောင်ချာတွဲ သေနတ် ၂ လက် ၊ MA 2 နှစ်လက် ၊ ဆက်သွယ်ရေး ရေဒီယိုစက်တစ်လုံး နှင့် ခဲယမ်းအမြောက်အမြားကို သျှမ်းတပ်ဖွဲ့ကသိမ်းဆည်း ရမိကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများထဲတွင် ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်တပ်ကြပ်ကြီး နှစ်ဦး ဒုတပ်ကြပ် တစ်ဦးပါဝင်ကြောင်းသိရသည်။

သျှမ်းတပ်ဘက်မှ အကျအဆုံးမရှိကြောင်း Taifreedom.com တွင် ဖေါ်ပြထားသည်။

ရင်းမြစ်..သျှမ်းသံတော်ဆင့်