29 October 2010

ဗိုလ်ချုပ် နှင့် ခေါင်းဆောင်မှုရှာပုံတော်


နောက်လိုက်များပေါက်အောင် ပြောဆိုနိုင်သော ခေါင်းဆောင် ခေါင်းဆောင်ဆိုသည်မှာ မိမိဦးဆောင်ရသည့် အဖွဲ့ သို့မဟုတ် နိုင်ငံ ရှေ့သွားရမည့် ပန်းတိုင်ကို ကြိုတင် ကြည့်ရှု မျှော်မှန်းရသည်။ ထိုသို့ မြင်နိုင်သည့် ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း ဖြစ်သည်။သို့သော် သူ၏ အဖွဲ့သားများမှာ ခေါင်းဆောင်မြင် သလို မြင်ကောင်းမှ မြင်နိုင်မည်။ ထိုအခါတွင် ခေါင်းဆောင်သည် သူမြင်သည့် အရာကို အဖွဲ့သားများပါ မြင်လာအောင် လုပ်ဆောင်ရမည်။ သွားရာ လမ်းခရီးကို အဖွဲ့သားများ လိုက်ပါ ချီတက် လိုလာအောင် ပြောဆိုရမည်။ ယင်းကို ပညာရပ် အလိုအားဖြင့် Leadership Communication ဟုခေါ်ကာ ခေါင်းဆောင်မှုတွင် အရေးကြီးသော အရည်အချင်း တစ်ရပ် ဖြစ်သည်။

အချို့ခေါင်းဆောင် များမှာ အမြင်ကျယ်ပြီး နောက်လိုက်များ မမြင်သည်ကို မြင်သည်။ သို့သော် နောက်လိုက်များအား သူ့လို မြင်လာအောင် ရှင်းမပြနိုင် သဖြင့် သူ့အား အဖွဲ့သားများက အထင်လွဲကာ ခေါင်းဆောင်အဖြစ်မှ ကျဆုံးရသည်။ သူခေါင်းဆောင်ရသည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းလည်း ခရီး မပေါက်တော့ပေ။ ထို့ကြောင့် ခေါင်းဆောင်များသည် ဉာဏ်ရည်မြင့်ရုံ၊ အမြင်ကျယ်ရုံဖြင့် မလုံလောက်ဘဲ အဖွဲ့သားများ နားလည်သဘောပေါက်အောင် ချပြနိုင်ရန် လိုသည်။

ဗိုလ်ချုပ်သည် သူ့အား ကျောထောက် နောက်ခံ ပြုထားသော လူထုနှင့် ဆက်သွယ်ရန် အခက်အခဲဆုံး အချိန်များတွင်ပင် လူထုကြီးထံ သူပြောလိုသော အကြောင်းအရာကို ရောက်အောင် ပို့နိုင်သော သူဖြစ်သည်။

ဂျပန့်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ တပ်မတော်သည် အန္တရာယ် ပေးလာနိုင်သည်ဟု ဂျပန်တို့က မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။ ဂျပန်တို့သည် ပေးခဲ့သော ကတိများကို အထပ်ထပ် ဖျက်ခဲ့ချိန်တွင် ဗိုလ်ချုပ်တို့ကလည်း ဂျပန်တို့ သဘောကို သိလာခဲ့သည်။ ဂျပန်တို့ ဇာတိပြကာ မြန်မာပြည်သူ ပြည်သားများအား နှိပ်စက် လာသော်လည်း ဗိုလ်ချုပ်တို့မှာ ဂျပန့်ဘက်သား အသွင်ဖြစ်နေသဖြင့် ပြည်သူများမှာ ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ ဘီအိုင်အေ အတွင်းတွင်ပင် ခေါင်းဆောင်ငယ် အချို့က ဂျပန်အား တော်လှန်လိုသော စိတ်များ ဆူဝေနေရာ ဗိုလ်ချုပ်အောင်ဆန်းတို့က ကန့်လန့်ခံ နေသောကြောင့် ‘ငပန့်ကို မဆော်ရရင် ငမိုးကို ဆော်ရလိမ့် မယ်ဟေ’့ (မောင်ထင် ဗမာ့အောင်ဆန်း) ဟူသော စကားများပင် ထွက်ရှိခဲ့သည် (ငမိုးမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်ပြောင် ဖြစ်သည်)။

မိမိနှင့်တကွ ဘီအိုင်အေ အတွက် အန္တရာယ်များ လှသော်လည်း ဗိုလ်ချုပ်သည် တွက်ဆကာ ‘ဂျပန်တို့ ပေးသော လွတ်လပ်ရေးသည် ရွှေရည်စိမ် လွတ်လပ်ရေးသာ ဖြစ်ကြောင်း’ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်သေနာပတိ ကိုယ်တိုင် တက်ရောက်သည့် လွတ်လပ်ရေး ပထမနှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခြင်းဖြင့် မိမိလည်း ဂျပန်တို့၏ စရိုက်ကိုသိသည်၊ မိမိသည် ဂျပန့်ဘက်သားမဟုတ်၊ ဂျပန်တို့အား အခြေအနေအရသာ ကြည့်နေရ သေးကြောင်း ပြည်သူလူထုနှင့် တကွ တပ်မတော်သားများ၊ အရာရှိများအား အသိပေးခဲ့သည်။ ယင်းကြောင့် ပြည်သူများ အပါအဝင် တပ်မတော်သားများပါ ဗိုလ်ချုပ်တို့၏ အနေအထားနှင့် ဆောင်ရွက်ချက်များကို သဘောပေါက် နားလည်ခဲ့ကြခြင်း ဖြစ်သည်။

‘ကနေ့ လွတ်လပ်ရေးရလို့ တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်ပွဲနေ့၊ ဒီပြည်သူ့ အစည်းအဝေးကြီးမှာ ကျွန်တော်ဟာ အစိုးရအဖွဲ့ဝင်တစ်ဦး အနေနဲ့မဟုတ်ဘဲ ပြည်သူပြည်သား တစ်ဦးအဖြစ် အရေးကြီးတဲ့ စကားတွေကို ပြည်သူအများရဲ့ အကျိုးကို မျှော်ကိုးပြီး ပြောပြလိုပါတယ်။ ယခု ဗမာပြည် လွတ်လပ်ရေးရတာ တစ်နှစ်စေ့လာပြီ။ ဒီအတောအတွင်းမှာ ကျုပ်တို့ ဘာတွေရကြသလဲ။ အမှန်ပြောရရင်တော့ ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးအရသာ ဆိုတာ မခံစားရသေးဘူး။ ခံစားရတဲ့ လူတွေဟာလည်း လူနည်းစု သာဖြစ်တယ်။ အဲဒီလူနည်းစုတွေထဲမှာ ဘယ်သူတွေလဲ ဆိုလို့ရှိရင် ကျွန်တော်ပါ အပါအဝင် ကျုပ်တို့အထက်က အစိုးရ အရာရှိကြီးတွေ၊ ‘ဒီလူတွေကို ကပ်မြှောင်ပြီး စားနေတဲ့လူတွေ၊ အမြတ်အစွန်း ကြီးကြီးယူပြီး လူတွေရဲ့ ဒုက္ခကို ရင်းနှီးပြီး စီးပွားရှာနေကြတဲ့ ခေတ်ပျက်သူဌေးတွေ။ အဲဒါတွေ လောက်ပဲ။

အဲဒီတော့ တိုင်းသူပြည်သား တွေအဖို့မှာ လွတ်လပ်ရေးရ ပေမယ့် ဟာတာတာကြီး ဖြစ်နေမှာပဲ။ လွတ်လပ်ရေးဆိုတာ ဘယ်မှာလဲလို့ တိုင်းသူပြည်သားတွေ စိတ်ထဲမှာ မေးကြမြန်း ကြလိမ့်မယ်။ အမှန်ကတော့ အခုလွတ်လပ်ရေးဟာ အများသိကြတဲ့ အတိုင်း စာပေါ်လွတ်လပ်ရေးပဲ ရှိသေးတယ်။ လက်တွေ့သဘော အထည်နှင့် ကိုယ်နှင့်၊ ဒြပ်နှင့် အကောင်အထည်နှင့် မမြင်ရ၊ မတွေ့ရ မခံစားရသေးဘူး။ ကျုပ်တို့ရှေ့ဆက်ပြီး စခန်းသွားနိုင်ဦးမှ လွတ်လပ်ရေး အကောင်အထည်ကို မြင်ရလိမ့်မယ်။ အခုမမြင်ရသေးဘူး။ (၁၀၄။ အောင်သန်း၏အောင်ဆန်း)


ဖက်ဆစ်တို့အား တော်လှန်ရန် စစ်မြေပြင်သို့မထွက်မီ ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က ဖက်ဆစ်တို့ ရှေ့တွင်ပင် ဗမာ့တပ်မတော်သား များအား ပြောကြားခဲ့သည့် စစ်ထွက်မိန့်ခွန်းမှာ ရဲဘော်တို့အား၊ ထိုမှတစ်ဆင့် မြန်မာပြည်သူတို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြောင်မြောက်စွာ ဆက်သွယ် ပြောကြားခြင်း ဖြစ်သည်။ မြန်မာတို့နှင့် ရင်းနှီးပြီး မိန့်ခွန်းဖြစ်သော်လည်း ခေါင်းဆောင်က ပြောလိုသည့်စကားအား နောက်လိုက်တို့ ရင်တွင်းသို့ရောက်အောင် သွယ်ဝိုက်ကာ တိုက်ရိုက် ပြောကြားနိုင်ခဲ့ပုံကို မြင်သာ စေလိုသဖြင့် ဖော်ပြလိုက်ပါသည်။

‘ရဲဘော်တို့... အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။ အခုစစ်မြေပြင်ကို ထွက်ရမယ်၊ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်၊ ဗမာပီပီ ဗမာ့သွေးကို ပြကြ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြ၊ အထက်ဗိုလ်များကလည်း သာတူညီမျှ ရဲဘော် စိတ်ထားကြ။ ရဲဘော်တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့ ချီတက်မယ်။ ဗမာ့ရန်သူကို ချေမှုန်းကြ၊ အနီးကပ်ဆုံး ရန်သူကို ရှာပြီးတိုက်ကြ။ ဒါပဲ။’

အထူးသဖြင့် ‘အနီးကပ်ဆုံးရန်သူကိုရှာပြီးတိုက်ကြ’ ဆိုသည်မှာ ဖက်ဆစ်များကို အလိမ္မာဖြင့် ရည်ညွှန်းလိုက်ခြင်း ဖြစ်သည့်အတွက် အလွန်ထိရောက် လှကြောင်း တွေ့ရသည်။ တပ်မတော်သား အများစုက ဖက်ဆစ်ကို ဗိုလ်ချုပ်ပြောမှန်း သိကြသည်။ နားထောင်နေကြသည့် ဂျပန်တို့ကမူ အင်္ဂလိပ်ကို ရည်ညွှန်းသည်ဟု ထင်ကြသည့်အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ခဲ့သည်။

ဖက်ဆစ် တော်လှန်ရေး အပြီး အင်္ဂလိပ်တို့ ပြန်အဝင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်တို့နှင့် နိုင်ငံရေး လွန်ဆွဲပွဲများ အကြိတ်အနယ် ပြုလုပ်ခဲ့ရသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်နှင့် နိုင်ငံရေးပြိုင်ဘက်များ (အင်္ဂလိပ်က တင်သူရော မတင်သူပါ) မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များထဲမှ ပေါ်ထွက်လာပြီဖြစ်ရာ ဗိုလ်ချုပ်တို့သည် အင်္ဂလိပ်တို့အား လိုက်လျောလွန်းသည်ဟု ဝေဖန်မှုများ ပေါ်ထွက် လာသောကြောင့် ပြည်သူတို့ နားလည်မှု လွဲမသွားစေရန် များစွာ အရေးကြီးသည်။ “အောင်ဆန်းသည် နိုင်ငံအား ရောင်းစားခဲ့ပြီ” ဟု သွားပုပ်လေလွင့် ပြောဆိုမှုများပင် အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆို အပြီးတွင် ထွက်ပေါ်ခဲ့ သောကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူတို့နားလည်စေရန် ရှင်းပြခဲ့ရသည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလဆန်းတွင် အင်္ဂလန်ပြည်သို့ သွားကာ လွတ်လပ်ရေးကို အရေးဆိုစဉ် ကလည်း မြန်မာလူထုကြီးအား “ငါတို့ ဗမာပြည်မှာ မရှိတုန်းကို တိုင်းသူပြည်သား အားလုံးဟာ အရေးရှိက အဆင်သင် ဖြစ်အောင် စီစဉ်ထားပြီး ကျုပ်တို့ အပြန်ကို ငံ့လင့်ကြပါ” ဟုလည်းကောင်း၊ “အကောင်းဆုံးကို မျှော်မှန်းပြီးတော့ အဆိုးဆုံး အတွက် အဆင်သင့်ရှိပါစေ” ဟုလည်းကောင်း လွတ်လပ်ရေး မရပါက တိုက်ပွဲဝင်ကြမည်ဟု ပြည်သူတို့ကို အကြောင်းကြားခဲ့ ပေသည်။

ဗိုလ်ချုပ်သည် ပြည်သူလူထုအား မိန့်ခွန်းပေါင်း များစွာ ပြောကြားခဲ့ပြီး ပြည်သူအား သူ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံလျှောက် ရမည့်ပန်းတိုင်နှင့် နည်းလမ်းကို နားလည်အောင် အကောင်းဆုံး ရှင်းပြနိုင်ခဲ့သည်။ ထိုစဉ်က အရှိန်အဝါကြီးခဲ့ပြီး တပ်မတော် တွင်းတွင်ပါ ဩဇာလွှမ်းခဲ့သည့် ကွန်မြူနစ် ပါတီအား ဖဆပလတွင်းမှ ထုတ်ပယ်ခဲ့ရာတွင်၊ တိုင်းရင်းသား ချစ်ကြည်ရေး ဆောင်ရွက်ရာတွင်၊ ပြည်သူလူထု တစ်ရပ်လုံး စည်းလုံးရန် လိုအပ်ချိန်တွင် စသည့် အရေးကြီး လုပ်ငန်းများ ဆောင်ရွက်ရမည့် အချိန်တိုင်း ပြည်သူလူထု နားလည်အောင် ဗိုလ်ချုပ်သည် မိန့်ခွန်းများ ထိထိရောက်ရောက် ဟောကြားခဲ့ပြီး ပြည်သူလူထု၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။

ပြည်သူပြည်သားများနှင့် ဆက်သွယ် ပြောကြားရေး အပေါ် ဗိုလ်ချုပ်၏ သဘောထားကို

‘ခေါင်းဆောင်လုပ်တဲ့လူဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်’ (၂၄၂၊ အောင်သန်း၏အောင်ဆန်း) ဟူသော စကားတွင် မြင်သာသည်။

ဗိုလ်ချုပ်မိန့်ခွန်းများ အပြောဆုံးကာလမှာ အင်္ဂလိပ်ပြန်အဝင်နှင့် လွတ်လပ်ရေးမရမီ ကာလတွင် ဖြစ်သည်။ ထိုကာလ အတွင်းတွင် ဗိုလ်ချုပ်သည် လက်မလည်အောင် မိန့်ခွန်းများ ပြောခဲ့ရသည်။ အင်္ဂလိပ်ကို ဆန့်ကျင်ရေး၊ စည်းလုံးညီညွတ်ရေး၊ လွတ်လပ်ရေးဟူသော ပန်းတိုင်ကို မမှိတ်မသုန် မျက်ခြည်မပြတ်ရေး၊ နိုင်ငံ တည်ဆောက်ရေး စသော အရေးပေါင်း များစွာကို ပြည်သူတို့နှင့်အတူ လက်တွဲ ဖော်ဆောင်နိုင်ရန် ဆက်သွယ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့အသံကို နားထောင်၊ မိမိအသံကို ပြည်သူတို့ ကြားအောင် အမြဲကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် Leadership Communication အရေးကြီးပုံကို သိလည်းသိ၊ ပိုင်နိုင်စွာ အသုံးပြုခဲ့သူလည်း ဖြစ်သည်။

ဇေယျသူ