25 October 2010

မြန်မာပြည်က လယ်သမားတွေကတော့သဖန်းသီး ကြည့်ပြီး မိုးလေဝသ ခန့်မှန်း

လာနီညာနှင့် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို မသိရှိ သော်လည်း သဖန်းသီး သီးသည့် အခြေအနေကိုကြည့်ပြီး မိုးနှောင်း ကောင်းမည်ကို သိရှိကြကြောင်း ချောင်းဆုံမြို့မှ လယ်သမားတစ်ဦး က ပြောသည်။


”သဖန်းပင်မှာ သဖန်းသီးတွေက စပါးမစိုက်မီ ကဆုန်၊ နယုန် လောက်မှာ သီးတယ်။ သဖန်းသီး က အပင်ရဲ့ အမြင့်ဆုံးနေရာတွေ မှာသီးရင် မိုးဦးကောင်းမယ်။ အပင်ရဲ့အလယ်မှာသီးရင် မိုးလယ်ကောင်းမယ်။ အပင်ရဲ့ အောက်ခြေပိုင်းမှာသီးရင် မိုးနှောင်းကောင်းမယ်လို့ ရှေးလူကြီးတွေ လက်ထက်ကတည်းက ဆိုခဲ့တယ်။ ဘယ်သူက စပြောသလဲ ဆိုတာတော့ မသိဘူး။ ကျွန်တော့်ရဲ့ တစ်သက်တာပတ်လုံးတော့ သဖန်းသီးကတော့ မှန်နေတာပဲ။ ဒီနှစ်က သဖန်းပင်ရဲ့ အောက်ခြေပိုင်းမှာသီးလို့ မိုးနှောင်းကောင်းမယ်ဆိုတာ သိထားတယ်” ဟု ချောင်းဆုံမြို့နယ် ပုရစ်ကလေး ကျေးရွာရှိ လယ်သမားကြီးတစ်ဦး က ပြောသည်။


ချောင်းဆုံမြို့မှ လယ်သမား အများစုမှာ သဖန်းသီး သီးပုံကို ကြည့်၍ စပါးအမျိုးအစား ရွေးချယ် စိုက်ပျိုးကြသည်။ ယခုနှစ်တွင် သဖန်းသီး နိမိတ်ပုံအရ မိုးနှောင်းကောင်းမည်ဟု ယုံကြည်သောကြောင့် ဇန်နဝါရီလောက်မှ ရိတ်သိမ်းရသော ကောက်လတ်နှင့် ကောက်ကြီးကို အဓိကထား စိုက် ကြပြီး နိုဝင်ဘာတွင် ရိတ်ရသော ကောက်သစ်ကိုမူ အနည်းငယ်သာ စိုက်ပျိုးကြသည်ဟု ၄င်းက ထပ်လောင်းပြောသည်။