24 October 2010

ဆိုင်ကလုန်းမုန်တိုင်းဂီရိရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်၊ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့


စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ်၊ ကျော်မင်းကျေးရွာအနီး မြောင်-ကျော်ရစ်-ပရိမ္မ လမ်းပိုင်းတွင်
မုန်တိုင်းမိုးကြောင့် သစ်ပင်ကြီးလဲကျကာ လမ်းပိတ်ဆို့နေသည်ကို အောက်တိုဘာလ (၂၃) ရက်နေ့က တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဂီရိသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ကို အောက်တိုဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက် နေ့တို့တွင် ဖြတ်ကျော်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလားပင်လယ်အော်၌ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတည်ရှိနေ ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။




မင်းဘူးမြို့၊ ပြည်တော်သာလမ်းတွင် သစ်ပင်လဲကျပြီး အုတ်တံတိုင်းပြိုကျစဉ်

အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခန့်၌ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သောမုန်တိုင်းငယ် သည် ပိုမိုအားကောင်းလာကာ ဆိုင်က လုန်းမုန်တိုင်း ဂီရိအဖြစ်သို့ရောက်ရှိ ပြီး ကျောက်ဖြူမြို့၏အနောက် တောင်ဘက် မိုင် ၁၈၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှ နောက် ၃၆ နာရီအတွင်းရခိုင် ပြည်နယ် ကျောက်ဖြူမြို့နှင့်စစ်တွေ မြို့အကြားကို ဖြတ်ကျော်မည်ဟု ခန့် မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန် ခဲ့သည်။



မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး စစ်ကိုင်း-မုံရွာကားလမ်းပေါ် ရေကျော်နေစဉ်


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခန့် တွင် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလာခဲ့သည်။

အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေး စင်တာကမူ ဂီရိသည် Category ၁ အဖြစ် ရှိနေလျက် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်း အထိ အားကောင်းခဲ့သည်ဟု ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် အနီရောင် အဆင့်ဖြစ်လာပြီး နံနက် ၉ နာရီဝန်း ကျင်အချိန်တွင် အရေးပေါ်အနီရောင် အဆင့်ဟု ကြေညာခဲ့သည်။

"အခုမိုးရွာနေတယ်။ လေလည်း တိုက်နေတယ်။ လူတွေကတော့ ကိုယ့် အိမ်ကိုယ်ပဲ နေကြတော့တယ်။ မနက်ခင်းက ဖွင့်တဲ့ဆိုင်တွေလည်း ပိတ်ကုန်ကြပြီ။ ရေတော့ တက်မလာသေးပါဘူး" ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြား မှ ဖြတ်ကျော်မည်ဟု ခန့်မှန်းထားရာ ၌ စစ်တွေမြို့တွင် ဈေးကြီးများပိတ်ခြင်း စသည်တို့ ပြင်ဆင်ခဲ့ကြပြီး ကျောက်ဖြူမြို့တွင် မွန်းလွဲပိုင်းမှ စတင်ကာ မုန်တိုင်းဖြတ်ကျော်ခဲ့ကြောင်း သိရှိရသည်။

"ကျောက်ဖြူမှာ မိုးတွေရွာနေ တယ်၊ လေလည်း တော်တော်တိုက် နေတယ်လို့ သိရတယ်။ သစ်ပင်တွေ တောင်လဲတဲ့အထိ တိုက်တယ်လို့ ကျောက်ဖြူကို ဆက်သွယ်မေးတော့ သိရတယ်။ ကမ်းရိုးတန်းမှာနေတဲ့သူ တွေကတော့ မနက်ခင်းကတည်းက နေရာပြောင်းရွှေ့ထားကြတယ်။ မုန်တိုင်း သတိပေးချက်တွေကြောင့်လို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်နေသော ဆိုင်ကလုန်းဂီရိ သည် ပိုမိုအားကောင်းလာပြီး သစ်ပင်များပြိုလဲခြင်း၊ နေအိမ်များ ပျက်စီးခြင်းတို့ကို ကြုံတွေ့နိုင်ခြေရှိသော Category ၄ အဆင့်သို့ ရောက်ရှိလာခဲ့သည်ဟု နိုင်ငံတကာ မိုးလေ၀သခန့် မှန်းမှု အချို့အရ သိရသည်။

"လေကတော့ ၃ နာရီလောက် မှာ ပြင်းပြင်းတိုက်လာတယ်။ ၅ နာရီခွဲလောက်အထိ တိုက်တယ်။ နောက်ပိုင်းတော့ လေနည်းနည်းလျော့သွားတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ တိုက်နေတုန်းပါပဲ။ လုံးဝမငြိမ်သေးပါဘူး။ အိမ်တွေတချို့ပြိုတယ်။ အမိုးတွေလန်တယ်။ သစ်ပင်တွေပြိုတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည် ကမ်းသို့ဝင်ရောက်ချိန်တွင် အရေးပေါ် အညိုရောင်အဆင့်၌ရှိခဲ့ပြီး မုန်တိုင်း၏ဗဟိုချက်မ၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင် ၁၂၀ အထိရှိ ခဲ့သည်။ မုန်တိုင်း၏အချင်းမှာ မိုင် ၃၀၀ ခန့်ရှိကြောင်း ခန့်မှန်းမှုများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရကာ နေရာအချို့တွင် နေအိမ်ပြိုပျက်ခြင်း၊ အမိုးလန် ခြင်းစသည့် ပျက်စီးမှုအချို့ရှိခဲ့သည် ဟု သိရှိရသည်။

ယင်းနေ့ညပိုင်းတွင်မူ မုန်တိုင်းသည် ကျောက်ဖြူမြို့ကို ဖြတ်ကျော် သွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ မုန်တိုင်းကုန်းတွင်းသို့ ၀င်ရောက်ပြီး နောက်တစ်ရက်ဖြစ်သော အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် ဆိုင်ကလုန်းဂီရိသည် ကုန်းတွင်းမုန်တိုင်းအဖြစ် မကွေးတိုင်း ဒေသကြီးရှိ စလင်းမြို့ကို ဗဟိုပြုလာခဲ့သည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းမှစ၍ မိုးနှင့်အတူ လေပြင်း များ တိုက်ခတ်သောကြောင့် လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ သစ်ပင်အချို့ လဲပြိုခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရှိရသည်။

ထို့နောက် ဆက်လက်ရွေ့လျားကာ နံနက် ၆ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့အနီးတွင် ဗဟိုပြုလာခဲ့သည်။

"မနက် ၅ နာရီကျော်၊ ၆ နာ ရီလောက်မှာ လေပြင်းစတိုက်တယ်။ မိုးသည်းတယ်။ ညောင်ဦးမြို့မှာ သစ်ပင်တချို့လဲတယ်။ မနက်ပိုင်း ကစပြီးလေဆိပ်မှာ လေပိုတိုက်တယ်။ ရန်ကုန်ကနေ ပုဂံ ညောင်ဦးလေဆိပ် ဆင်းမယ့် ရန်ကုန်အဲယားဝေး၊ အဲမန္တလေး၊ အဲပုဂံ မနက်ပိုင်းလေယာဉ် ခရီးစဉ်တချို့ ဖျက်သိမ်းလိုက်တယ် လို့သိရတယ်။ ရန်ကုန်အဲယားဝေးက ညောင်ဦးမှာမဆင်းနိုင်ဘဲ မန္တလေး လေဆိပ်မှာ သွားဆင်းရတယ်။ အခုတော့ လေတိုက်လိုက်၊ မိုးရွာလိုက်ဖြစ် နေတယ်။ မနက်ကလောက်တော့ မပြင်းတော့ပါဘူး"ဟု ညောင်ဦးမြို့မှ ဒေသခံတစ်ဦးက အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားသည်။





မြောင်မြို့နယ်၊ ကျော်မင်းကျေးရွာအနီး မြောင်-ကျော်ရစ်-ပရိမ္မ လမ်းပိုင်းတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျကာ
လမ်းပိတ်ဆို့နေသည်ကို အောက်တိုဘာလ (၂၃) ရက်နေ့က တွေ့ရစဉ်




ယင်းနေ့ နံနက် ၉ နာရီခွဲခန့် တွင် ကုန်းတွင်းမုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ မြောင်မြို့ကို ဗဟိုပြုလာခဲ့ပါသည်။

"မြောင်မှာ လေက မနက်ခင်း ၉ နာရီ လောက်ကတည်းက တိုက်တာ၊ မိုးရောလေရောပါတယ်။ မိုးကတော့ ညကတည်းက ရွာနေတာ။ ညနေ ၃ နာရီလောက်မှာတော့ လေငြိမ်သွားပြီ" ဟု မြောင်မြို့မှ ဒေသခံတစ်ဦးက ပြော ကြားသည်။

"မြောင်မြို့နယ်အ၀င်မှာ မိုးရေကြောင့် ကားလမ်းကိုရေကျော်တာ တော်တော်များတယ်။ ကျော်မင်းရွာ နားမှာပါ။ ခရီးသည်တင်ကားလို ကားကြီးတွေက ဖြတ်လို့ရပေမယ့် ကားသေးတွေက ဖြတ်လို့မရဘူး။ ဆိုင် ကယ်တွေကိုတော့ ထမ်းပြီးဖြတ်ကြတယ်။ ညနေ ၅ နာရီ၊ ၆ နာရီအထိ ရေမကျသေးပါဘူး။ မြင်းမူမြို့နယ်ထဲ က အလ္လကပ္ပရွာနားမှာလည်း ကားလမ်းရေကျော်တော့ ကားတွေစောင့်ပြီး သွားကြရတယ်။ ရေပြင်အလျား ရှည်ပါတယ်" ဟု မြောင်မြို့သို့ သွားရောက်ခဲ့သူတစ်ဦးက ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မိုးသည်းခြင်းနှင့်အတူ လေပြင်းများပါ တိုက်ခတ်သဖြင့်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြင်းမူလမ်းတစ်လျှောက်ရှိ သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သိရှိရသည်။


မုံရွာမြို့မှ မြို့ခံတစ်ဦးက "မနက်အစောပိုင်းကတည်းက မိုးတွေရွာတယ်။ မိုးနဲ့အတူ လေရောပါတယ်။ စောစောပိုင်းကတော့ တော်တော်ပြင်းတယ်။ နံနက် ၁၁ နာရီ ခွဲလောက်မှာတော့ မိုးနည်းနည်းစဲ သွားပြီး လေတော့ နည်းနည်းကျန်သေးတယ်"ဟု ပြောပြသည်။

ကုန်းတွင်း မုန်တိုင်းသည် မွန်းလွဲ ၁နာရီခန့်တွင် မုန်တိုင်းငယ် အဖြစ် အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ဘုတလင်မြို့အနီးတွင် ဗဟိုပြုခဲ့ကြောင်း နှင့် အညိုရောင်အဆင့်ဟု သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

ညနေ ၃ နာရီခွဲခန့်တွင် မုန်တိုင်းငယ်သည် အစိမ်းရောင်အဆင့်၊ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားခဲ့ကြောင်း သိရှိရသည်။

"ကုန်းတွင်းရှိနေသမျှ ဘေးကင်းချိန်အထိ အညိုရောင်အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်။ အကြွင်းအကျန်တွေ မရှိတော့မှ၊ အန္တရာယ်မရှိတော့မှ အစိမ်းရောင်အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်"။

မုန်တိုင်းစတင်ဖြစ်ပေါ်သည့် အချိန်မှ ပျက်ပြယ်သည့်အဆင့်သို့ ရောက်ရှိချိန်သည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စုစုပေါင်း သုံးရက်ကြာမြင့်ခဲ့ပြီး ကုန်းတွင်းတွင် အားကောင်းသော ဆိုင်ကလုန်း၊ ကုန်းတွင်းမုန်တိုင်း၊ မုန်တိုင်း ငယ်စသည့် အဆင့်ဆင့်ဖြတ်ကျော်ချိန် မှာ နှစ်ရက်ကြာမြင့်ခဲ့သည်။

မုန်တိုင်းသည် ပြည်နယ်တစ်ခု နှင့် တိုင်းဒေသကြီး သုံးခုကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကာ ၀င်ရောက်ခဲ့သည့် ဒေသများတွင်သာမက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းစသောဒေသများတွင်လည်း မုန်တိုင်း၏အရှိန်ကြောင့် မိုးရွာသွန်းမှုများကို ကြုံတွေ့ခဲ့ရသည်။

ဆိုင်ကလုန်းဂီရိသည် ၂၀၁၀ ပြည့်နှစ် မိုးလွန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးဖြစ်ပေါ်သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ကာ နာဂစ်မုန်တိုင်းနီးပါးအင်အား ကောင်းခဲ့သည့် အတွက်လည်း မုန်တိုင်းကမ်းနှင့် နီးကပ်လာသည့်အချိန် က ကြိုတင်သတိပေးခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်ခြင်းတို့ ပြုလုပ်ထားရန် သုံးသပ်မှုများလည်း ရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဆိုင်ကလုန်းမုန်တိုင်း နာဂစ်သည် မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ကို အဓိကသက်ရောက်ခဲ့ကာ မြန်မာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှု သမိုင်းတွင် ပျက်စီးဆုံးရှုံးမှုအများဆုံး နှင့် လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည်။


မုန်တိုင်းအင်အားနှင့် ဦးတည်ရာအလိုက် အရောင်သတ်မှတ်မှုများ

အရောင် ရည်ညွှန်းမှု
အ၀ါရောင် ဘင်္ဂလားပင်လယ်အော် တစ်နေရာတွင် မုန်တိုင်းဖြစ်ပေါ်နေသည်။
လိမ္မော်ရောင် အင်အားပိုမိုကြီးမားလာပြီး ရွေ့လျားရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်မည့် အန္တရာယ်နှင့် ကြုံတွေ့ရတော့မည်။
အနီရောင် ဦးတည်ရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ရန် ၁၂ နာရီခန့်သာ လိုတော့သည်။ အရေးပေါ်အနီရောင်ဟု ကြေညာလျှင် မုန်တိုင်းဒီရေတက်ခြင်း၊ သစ်ပင်လဲခြင်း စသည်တို့ကို ကြုံတွေ့ရတော့မည်။ ပြောင်းရွှေ့ခြင်းတို့ကို ပြင်ဆင်ထားရတော့မည်။
အညိုရောင် ကမ်းကိုဖြတ်ကျော်နေပြီ။ ကုန်းတွင်းတွင် မုန်တိုင်းရှိနေချိန်၊ ဘေးမကင်းမီ အချိန်တစ်လျှောက်လုံး အညိုရောင်ဟု ကြေညာထားမည်။ အရေးပေါ်မှာ သတိပြုရန်လိုအပ်နေခြင်း ကိုဆိုလိုသည်။
အစိမ်းရောင် မုန်တိုင်း၏ အန္တရာယ်ကင်းပြီ။


ဆိုင်ကလုန်းမုန်တိုင်းဂီရိ (ဂီရိဟူသောအမည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျ အမည်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ 'တောင်' ဖြစ်သည်)

အောက်တိုဘာလ ၂၀ ရက်နေ့ - ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်တည်ရှိ။


အောက်တိုဘာလ ၂၁ ရက်နေ့ - နံနက်အစောပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ။ နံနက် ၉ နာရီခွဲခန့်တွင် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားကို ဖြတ်ကျော်မည်ဟု ခန့်မှန်းချက်ထုတ်ပြန်။ ညနေ ၄ နာရီခန့်တွင် မုန်တိုင်းငယ် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း ဂီရိအဖြစ်ရောက်ရှိ၊ မုန်တိုင်း၏အဆင့်မှာ လိမ္မော်ရောင်ဖြစ်ပြီး ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျား။


အောက်တိုဘာလ ၂၂ ရက် - နံနက် ၆ နာရီခန့်တွင် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြု၊ အနီရောင်အဆင့် အဖြစ်သတ်မှတ်။ နံနက် ၉ နာရီခန့်တွင် အရေးပေါ် အနီရောင်အဆင့်သို့ ရောက်ရှိ၊ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ကို စတင်ဖြတ်ကျော်၊ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၂၀ အထိရှိပြီး အရေးပေါ် အညိုရောင်အဆင့်ရောက်ရှိ၊ ညပိုင်းတွင် ကျောက်ဖြူမြို့ကို ဖြတ်ကျော်သွားပြီးအား အနည်းငယ်လျော့လာ။


အောက်တိုဘာလ ၂၃ ရက် - နံနက် ၅ နာရီခွဲခန့်တွင် ကုန်းတွင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိပြီး မကွေးတိုင်းဒေသကြီး စလင်းမြို့ကို ဗဟိုပြု၊ မုန်တိုင်း၏အဆင့်မှာ အညိုရောင်အဆင့်ဖြစ်၊ နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ကို ဗဟိုပြု။ ကုန်းတွင်းမုန်တိုင်းသည် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ကို ဗဟိုပြုလာ၊ မုန်တိုင်း၏အဆင့်မှာ အညိုရောင်အဆင့် အဖြစ်သာသတ်မှတ်ထား။ မွန်းလွဲ ၁ နာရီခန့်တွင် မုန်တိုင်းငယ်အဖြစ် အားလျော့လာပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း ဘုတလင်မြို့အနီး၌ ဗဟိုပြု၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိ၊ စိုးရိမ်ရန်မလိုတော့သော အစိမ်းရောင်အဆင့်ဟု စတင်သတ်မှတ်၊ ညနေ ၆ နာရီခန့်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်။


မုန်တိုင်းဖြတ်သန်းရာဒေသများ - ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး။


မုန်တိုင်းသက်ရောက်မှု - နေအိမ်များပြိုလဲမှု၊ အမိုးလန်ပျက်စီးမှု၊ သစ်ပင်များပြိုလဲမှု၊ မိုးကြီး၍ကားလမ်းရေကျော်မှုများ။


မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်ခဲ့မှုများ
(၂၀၀၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း)

မုန်တိုင်းအမည်
သက်ရောက်သည့်ကာလ
မာလာ ၂၀၀၆၊ ဧပြီ
အကာ့ရှ် ၂၀၀၇၊ မေ
နာဂစ် ၂၀၀၈၊ မေ (မုန်တိုင်းဒဏ်ကြောင့် ထိခိုက်သေကြေပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့)
ဘစ်ဂျလီ
၂၀၀၉၊ ဧပြီ
ဂီရိ ၂၀၁၀၊ အောက်တိုဘာ


မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့် လနှင့်အကြိမ်ရေ
(၁၈၇၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ)

လအမည်
အကြိမ်ရေ
ဇန်န၀ါရီ
ဖေဖော်ဝါရီ
ဧပြီ ၁၅
မေ ၂၇
ဇွန် ၁၄
အောက်တိုဘာ ၁၄
ဒီဇင်ဘာ


သတင်း...news-eleven